စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်ရှိ စစ်ကောင်စီအထိုင်ချနေရာများကို ဒရုန်းဖြင့် ၂ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ဦးအပါအဝင် စစ်သား၃ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၅ ရက်က ရေဦးမြို့ပေါ်ရှိ အထက၁ကျောင်း၊ ပညာရေးမှူးရုံး ၊ တိုင်းရုံး၊ တိုင်းရင်းဆေးရုံ ၊ ကြာဖူးအဝိုင်းဂိတ်တို့အား နှစ်ကြိမ်ခွဲ၍ Fixed Wings Drone များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းမှ ဗိုလ်ကောက်ရိုးက MPA ကို ပြောသည်။
“ မနက်ပိုင်းတစ်ကြိမ် ၊ ညနေပိုင်းတစ်ကြိမ် နှစ်ကြိမ်ခွဲပြီးတိုက်ခိုက်ခဲ့တာဗျ၊ ညနေပိုင်း ဒရုန်းချတော့ သူတို့ဘက်က shooter နဲ့ပြန်ပစ်တာ၊ ဒရုန်းတစ်စီးဆုံးရှုံးခဲ့တယ်။ ဒရုန်းက ရွာသာလေးဘက်မှာ ပစ်ချခံရတာကို သူတို့လာကောက်တော့ ပြည်သူဓားစာခံတွေဖမ်းပြီး ကောက်တာ၊ ကောက်ပြီးမှ ပြန်လွှတ်ပေးလိုက်တယ်” ဟု ဗိုလ်ကောက်ရိုးကပြောသည်။
အဆိုပါ အထိုင်ချနေရာများကို တိုက်ခိုက်မှုတွင် စစ်ဗိုလ် ၁ဦးအပါအဝင် စစ်ကောင်စီတပ်သား ၃ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရသည်ကို အတည်ပြုနိုင်ကြောင်း ဗိုလ်ကောက်ရိုးကပြောသည်။
ထို့နောက် မတ်လ ၁၆ရက်၊ မနက် ၁၀ နာရီခန့်က ဒီပဲယင်းမြို့နယ် စိုင်ပြင်ရွာရဲစခန်း၊ ရဲစခန်းအနီးရှိ ကင်းပုန်းနေရာများနှင့် စိုင်ပြင်ရဲစခန်းလက်နက်ကြီးအထိုင်ချရာနေရာများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှုအခြေအနေအား စုံစမ်းနေကြောင်း ဗိုလ်ကောက်ရိုးကပြောသည်။
“ ဒရုန်းသုံးစင်း နှစ်ခေါက်နဲ့ စုစုပေါင်း ဗုံးသီး ၆လုံးချခဲ့တယ်။ ဒဏ်ရာရ ရှိနိုင်ပေမဲ့ ရဲစခန်းဆိုတော့ ကျတော်တို့လဲ စုံစမ်းရခက်နေတာ ” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုတွင် ရဲစခန်းမှ လက်နက်ငယ်များ ၊ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Eagle Guerrilla Force မှ ရဲဘော်တစ်ဦးက ပြောသည်။
“ ရဲစခန်းဘေးပတ်ချာလည်ကို တောက်လျှောက် ကောင်တာပြန်တာ လက်နက်ကြီးတင် ၁၈လုံးလောက်ရှိမယ်ဗျ။ သင်္ချိုင်းကုန်းဘက်ကို သွားကျတယ်။ ပြည်သူနေအိမ်တွေပေါ် ကျတာတော့မရှိဘူး” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုများကို ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း Eagle Guerrilla Force ၊ မတစ်ထောင်(တစ်ကောင်ဘွား)ဒီပဲယင်း အဖွဲ့၊ ကြောင်လက်သည်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ဝက်လက်)၊ SHAR HTOO WAW နည်းပညာတပ်ဖွဲ့ Team6 ၊ Drop For Justice -DFJ အဖွဲ့၊ Yaung Ni ShweBo ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မင်းသားကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့(ဝက်လက်)၊ အရာတော်မြို့နယ် ပလဖ၊ Civil Military SRDF ၊ရွှေဘိုခရိုင်ပကဖ နှင့် ဒီပဲယင်းမြိုနယ် ပကဖ တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။