စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးအပါအဝင် ၈ ဦးသေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၁၉ လက်ကို ဒေသကာကွယ်ရေးတပ်များက သိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အမှတ်(၁)စစ်ဒေသက ယနေ့သတင်းထုတ်ပြန်သည်။
ကလေးမြို့မြောက်ပိုင်း၊ စစ်ကောင်စီအထိုင်ချ ပျူစောထီးရွာများဖြစ်သည့် ကျောင်းတိုက်ရွာ၊ အောင်မြင်သာရွာတို့ကို မတ်လ ၁၆ ရက်၊ နံနက်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အပြင် ကံသာယာရွာသို့ စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်အား နန်းစောင်းပုရွာသစ်တွင် ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ကိုယ့်ဘက်က ရဲဘော်ကျတာက HNB local PDF က ရဲဘော်တစ်ယောက်ရယ် ကလေးခရိုင်အထူးလှုပ်ရှားတပ်ရင်း ၆ က ရဲဘော်တစ်ယောက်ရယ်ကျတယ်။ အခုလက်ရှိ သူတို့(စကစနှင့်ပျူများ)က ဆည်တော်ဦးဘက်မှာပဲ ငြိမ်နေတယ်။ အချိန်မရွေးတော့ ထိတွေ့တိုက်ပွဲဖြစ်နိုင်တယ်” ဟု ကလေးမြောက်ပိုင်းစစ်ရေးသတင်းရင်းမြစ်က MPA ကိုပြောသည်။
ပျူစောထီးရွာများဖြစ်သည့် အောင်မြင်သာရွာနှင့် ကျောင်းတိုက်ရွာကို အထူးလှုပ်ရှား တပ်ရင်း (၂၊ ၆)၊ ကလေးခရိုင် လှုပ်ရှားတပ်ဖွဲ့၊ ကလေးမြို့နယ် ပကဖ၊ CDF-KKG၊ RKDF၊ RCDF၊ EFDF၊ HNB နှင့် ဒေါင်းသွေးရာဇာ ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး ကလေးခရိုင် မြို့ပြစစ်ဆင်ရေးတပ်ဖွဲ့ကလည်း မင်းလှရွာအား ဖြတ်တောက်ရေးတာဝန် ယူပေးခဲ့သည်။
တိုက်ပွဲအတွင်း ကျောင်းတိုက်ရွာကို ကလေးမြို့မှ တက်လာသည့် Mi-35 ရဟတ်ယာဥ်ဖြင့် လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်ပြုလုပ်ခဲ့သည့်အပြင် လက်နက်ကြီးတရစပ်ပစ်ကူပေးခဲ့သဖြင့် အရပ်သားပြည်သူများ ထိခိုက်မှုရှိခဲ့သည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦး သေဆုံး၍ (၅) ဦးထိခိုက်ဒဏ်ရာရရှိကာ ကျောင်းတိုက်ရွာကို ကာကွယ်ရေးပူးပေါင်းတပ်များက အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များထံက MA-15 (ငါးကြင်းမြှီး)နှင့် MA-10 (RPG-7) အပါအဝင် လက်နက်ငယ် (၁၇) လက်၊ ကျည်မျိုးစုံ (၁၃၀၀) ကျော်၊ ဗုံးသီးမျိုးစုံ (၁၀)လုံးကျော်၊ ကျည်အိမ် (၃၀) ကျော်နှင့် စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့သည်။
ကျောင်းတိုက်ရွာမှ စစ်ကောင်စီနှင့်ပျူစောထီးများသည် ဆည်တော်ဦးရွာနှင့် အောင်မြင်သာရွာများသို့ ဆုတ်ခွာပူးပေါင်းသွားခဲ့သည်။
“ ဒီနေ့လည်း သူတို့(စကစ)ဘက်က ကလေးမြို့ကနေ လက်နက်ကြီးလည်း ထုနေတယ်။ ပြီးတော့ နေ့လည် ၂ နာရီလောက်မှာ ကလေးမြို့ ၂၂၈ တပ်ရင်းကနေ ဆည်တော်ဦးကို လက်နက်ခဲယမ်းတွေ ကား ၂ စီးနဲ့လာဖြည့်တယ်” ဟု စစ်ရေးသတင်းရင်းမြစ်ကဆက်ပြောသည်။
ယင်းအပြင် ကာကွယ်ရေးတပ်ဖွဲ့များသိမ်းပိုက်ထားသည့် ကံသာယာရွာကို မတ်လ ၁၆ ရက်တွင် စစ်ကောင်စီကအင်အား ၁၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးလားရာ နန်းစောင်းပုရွာသစ်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဗိုလ်ကြီးအပါအဝင် ၂ ဦးသေဆုံး၍ လက်နက်ငယ် (၂) လက်၊ MA ကျည် (၁၇) တောင့်နှင့် ကျည်အိမ် (၂) ခုကို ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။
“ ကလေးမြောက်ပိုင်းက ရွာတွေအကုန်လုံးကတော့ စစ်ရှောင်နေရတယ်။ လက်နက်ကြီးကြောင့် နေအိမ်တွေလည်းထိတယ်လေ။ လူတွေလည်း သေကြတယ်။ အဓိကလိုအပ်တာတော့ ဆေးဝါးနဲ့ စားနပ်ရိက္ခာပါပဲ” ဟု ကလေးမြောက်ပိုင်း စစ်ရှောင်ပြည်သူတစ်ဦးကဆိုသည်။
ကလေးမြောက်ပိုင်းတိုက်ပွဲဖြစ်စဥ်အတွင်း စစ်ကောင်စီက မီးလောင်ဗုံးများအပါအဝင် လက်နက်ကြီးအလုံး (၂၀၀) ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများသို့လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ပျဥ်းခုံလေးရွာက အရပ်သား(၃)ဦးထိမှန်သေဆုံးကာ ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည့်အပြင် အရပ်သားနေအိမ်မီးလောင်ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။