လက်နက်နှင့်တကွ အလင်းဝင်လာသော စစ်သားတစ်ဦးကို ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း Pakokku Peoples Defense Force ကသတင်းထုတ်ပြန်သည်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် ခမရ-၂၅၆ တပ်ရင်းမှ စစ်သား၁ဦးသည် သေနတ် ၁လက်၊ ကျည်ဘောက်၃ခု၊ ကျည် အတောင့်၁၀၀ တို့ယူဆောင်လာကာ မတ်လ၁၆ရက်က Pakokku Peoples Defense Force ထံ အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။
“ ကျနော်တို့နဲ့ဆက်သွယ်ပြီးတော့ သူစစ်ကြောင်းထွက်ရတဲ့အချိန်မှာ စစ်ကြောင်းကနေ ထွက်လာတာပါ။ကျနော်တို့ဘက်ကအင်အားသုံးပြီး အနီးကပ် သွားခေါ်ခဲ့ရတယ်” ဟု Pakokku Peoples Defense Force မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်နက်နှင့်တကွ အလင်းဝင်လာသော စစ်သားများကို ဆုကြေးငွေချီးမြှင့်ခြင်းအပြင် လုံခြုံသည့်နေရာသို့လည်း ပို့ဆောင်ပေးမည်ဖြစ်ကြောင်း Pakokku Peoples Defense Force က ထုတ်ပြန်ထားသည်။
“ သူက သင်တန်း၆လဆင်းပြီး မြေပြင်ရောက်တာ ၄လရှိပြီ။တပ်ထဲမှာဖိနှိပ်ခံရတာတွေ၊သောက်စားမူးယစ်ပြီးအပြစ်မရှိ၊အပြစ်ပေးခံရတာတွေကြောင့် အလင်းဝင်လာတာလို့ပြောတယ်” ဟု ဒေသခံ PDF ရဲဘော်တစ်ဦးကပြောသည်။
စစ်သားများအနေနှင့် အာဏာရှင်အတွက် အသက်ပေးမည့်အစား PDF တပ်ဖွဲ့များထံ အမြန်ဆုံးခိုလှုံ ရန် Pakokku Peoples Defense Force က တိုက်တွန်းထားသည်။