ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ စစ်ဘေးရှောင်များနေထိုင်ရန် အိမ်ခန်းများငှားရမ်းရာ၌ အိမ်ခန်းခများ လပြတ်ပေး၍ ငှားရမ်းနေရသဖြင့် ငွေကြေးအဆင်မပြေသည့် စစ်ဘေးရှောင်ပြည်သူများ အခက်တွေ့နေကြောင်း ဒေသခံစစ်ရှောင်ပြည်သူများထံက စုံစမ်းသိရှိရသည်။
ဖြူးမြို့နယ်ရှိ ကျေးရွာအများစုတွင် တော်လှန်ရေးရဲဘော်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏဆိုသလို တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် နယ်မြေအေးချမ်းသည့် ဖြူးမြို့ပေါ်သို့ စစ်ရှောင်ပြည်သူများ ရွေ့ပြောင်းနေထိုင်ရကြောင်း အသက် ၄၀ အရွယ်စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
“မြို့ပေါ်မှာ တိုက်ပွဲမဖြစ်လို့သာလာနေရတာ၊ အိမ်ငှားခတွေကဈေးကြီးတယ်။ တစ်လ တစ်သိန်း၊ တစ်သိန်းခွဲ ပေးရတာ၊ ပြီးတော့ ၃လ၊ ၅လ လပြတ်တွေစာချုပ်ချုပ်ပေးငှားရတာ၊ တစ်လချင်းငှားမရဘူး။ အစ်မတို့က နယ်မြေအေးချမ်းတာနဲ့ပြန်မှာ၊ အဲဒါကို တစ်လချင်းငှားပေးပါလို့ပြောတာမရဘူး” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်နေသောကြောင့် ကျေးလက်စစ်ရှောင်စခန်းများတွင်မနေရဲဘဲ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာရခြင်း ဖြစ်ကြောင်း အသက် ၄၅ နှစ်အရွယ်ဒေသခံအမျိုးသမီးတစ်ဦးက ဆက်လက်ပြောသည်။
“ရွာစစ်ရှောင်စခန်းတွေက ကူညီမယ့်သူတွေရှိတယ်၊ အစားအသောက်၊ နေထိုင်ရေးက အစ၊ အကုန်ကူညီကြတယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေရှိလည်း စောင့်ရှောက်မယ့်သူတွေရှိတယ်၊ ကြောက်နေရတာက ဘယ်တော့ ကို့ခေါင်းပေါ်လက်နက်ကြီးကျမလည်း ၊ ဗုံးကျမလည်း စိတ်ပူနေရတာ။ အဲဒါမျိုးတွေကလည်းခဏခဏ ဖြစ်နေတာ၊ တိုက်ပွဲမရှိလည်း ပစ်နေတာ၊ အဲဒါကြောင့် မြို့ပေါ်ထွက်ပြေးရတာ၊ မြို့မှာက ကူညီမယ်သူနည်းတယ်၊ မသိချင်ယောင်ဆောင်နေကြတာ”ဟု ၎င်းက ဆိုသည်။
ဖြူးမြို့ပေါ်ရှိ ပြည်သူများအနေဖြင့်လည်း အာဏာသိမ်းစစ်ကောင်စီအား တွန်းလှန်တိုက်ခိုက်နေသည့် တော်လှန်ရေးအား ၎င်းတို့နှင့် မသက်ဆိုင်သလိုမနေဘဲ တတ်နိုင်သည့်ဘက်က ပူးပေါင်း ပါဝင်ပေးကြဖို့ တော်လှန်ရေး ရဲဘော်တစ်ဦးက တိုက်တွန်းပြောဆိုထားသည်။
“ကိုယ်ထိမှ ကိုနာတယ်ဆိုတဲ့သဘောမျိုး မလုပ်ကြပါနဲ့၊ တော်လှန်ရေးကို မသိခြင်ယောင်ဆောင်မနေကြပါနဲ့၊ ကိုယ်အိမ်တံခါးလာခေါက်မှ တော်လှန်ရေးက ငါနဲ့ဆိုင်ပါလားဆိုပြီး ထမအော်ကြပါနဲ့။ တတ်နိုင်သလောက်၊ တတ်နိုင်တဲ့ဘက်က ကူကြပါ၊ လှူကြပါ၊ ပြည်သူအချင်းချင်းလည်း ဖေးမကြပါ” ဟု ၎င်းကတိုက်တွန်းထားသည်။
ဖြူးမြို့နယ်တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး စစ်တပ်က နေ့စဉ်လက်နက်ကြီးများဖြင့် ပစ်ခတ်နေသောကြောင့် လက်နက်ကြီးစထိမှန်ပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်မှ ၁၇ ရက်အတွင်း ဒေသခံပြည်သူ ၁၀ ထက်မနည်း သေဆုံးခဲ့ရသည်။