ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကို အနောက်မြောက် စစ်ဒေသ တပ်စခန်း တစ်နေရာ၌ ကျင်းပခဲ့သည်။
မတ်လ ၁၅ ရက်၊ မနက်ပိုင်း ၉ နာရီခွဲခန့်တွင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ၏ အလံတော် တင်ခြင်း၊ ပြည်သူ့တပ်မတော် သီချင်း သီဆိုခြင်း တို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ကာ ၃နှစ်ပြည့် ထုတ်ပြန်ချက် ဖတ်ကြားခြင်းနှင့် မဟာမိတ်များပေးပို့သည့် သ၀ဏ်လွှာ များ ဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
“ ကျနော်တို့ အနောက်မြောက် စစ်ဒေသမှာ တော့ မဟာမိတ်တွေရော အားလုံး ပါ၀င် တဲ့ အခမ်းအနား ပြုလုပ်နိုင်ခဲ့တယ်ပေါ့နော်။ တခြား တိုက်ပွဲ ပြင်းထန်နေတဲ့ ဒေသတွေမှာတော့ ပွဲ မလုပ်နိုင် ဘဲ အလံတင် အလေးပြုတာမျိုး ၊ အင်တာနေရှင်နယ် သီချင်း ဆိုပြီး ၃ နှစ်ပြည့်ကို ဂုဏ်ပြု ကြတာတွေ လုပ်ကြပါတယ်” ဟု ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) အနောက်မြောက် စစ်ဒေသ ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် မြင့်နိုင် က ပြောသည်။
ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ၏ ၃ နှစ်ပြည့် အခမ်းအနား ကို အနောက်မြောက် စစ်ဒေသ၊ အမှတ် -၂ စစ်ဒေသ၊ အမှတ်- ၈ စစ်ဒေသနှင့် အမှတ် -၉ စစ်ဒေသ တို့၌လည်း ကျင်းပ ခဲ့ကြောင်း သိရသည်။
၃ နှစ်ပြည့် အခမ်းအနား တွင် ပြည်သူ့ဒီမိုကရက်တစ် တပ်ဖွဲ့ ( PDO/PDA )၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် ပြည်သူ့တော်လှန်ရေး တပ်ဦး (PRF) တို့မှ တာ၀န်ရှိသူ အသီးသီးတို့က သ၀ဏ်လွှာများ ဖတ်ကြား ဂုဏ်ပြုခဲ့ကြပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များလည်း တက်ရောက်ခဲ့ကြသည်။
“ PLA ရဲ့ ၃ နှစ်ပြည့် အခမ်းအနားကို တက်ပြီး သ၀ဏ်လွှာ ဖတ် ရတာ တကယ် ဂုဏ်ယူပါတယ်။ PLA ဟာ လူမျိုးပေါင်းစုံ၊ အဖိနှိပ်ခံ ပြည်သူလူထုကြီး တစ်ရပ်လုံးအတွက် မရှိမဖြစ် လိုအပ်တဲ့ တပ်မတော်ကြီး တစ်ရပ် ဆိုတာလည်း ယုံကြည်ပါတယ်” ဟု ABSDF မှ ရဲဘော် DJ က သ၀ဏ်လွှာ ဖတ်ကြားစဉ် ပြောကြားခဲ့သည်။
လက်ရှိ အခမ်းအနား ပြုလုပ်ရာ အနောက်မြောက် စစ်ဒေသ မှာ PLA ၏ ၃ နှစ်မြောက် ကာလ အတွင်း တိုးချဲ့ ဖွဲ့ စည်းခဲ့ခြင်း ဖြစ်သည်။
“ အခြေအနေအကြောင်းကြောင်းကြောင့် မြေပြင်မှာ သီးခြား လှုပ်ရှားခဲ့ရာကနေ အခုလို စစ်ဒေသ တစ်ခု အဖြစ် စုဖွဲ့ လိုက်နိုင်တာပါ။ ယခင်လှုပ်ရှားစဉ် ကာလမှာလည်း PLA ရဲ့ လမ်းညွှန်မှု အောက်ကနေပဲ သွားခဲ့ကြတယ်” ဟု ရဲဘော် မြင့်နိုင် ကပြောသည်။
အနောက်မြောက် စစ်ဒေသအတွင်းရှိ PLA သည် ပထမ ဆုံး အကြိမ်အဖြစ် နယ်မြေခံ မဟာမိတ်များနှင့် ပူးပေါင်းကာ မတ်လ ၁၁ ရက်နေ့၌ မြင်းခြံ မြို့မှ ထွက်လာသော စစ်ကား တစ်စီးအား မြို့အထွက်၌ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ သေနတ် ၇ လက်၊ ကျည် ၃၀၀ ကျော်၊ကျည်ဘောက်များ၊ တခြား ဆက်စပ် ပစ္စည်းများ နှင့် ဖုန်း ၅ လုံး တို့ သိမ်းဆည်း ရရှိခဲ့သည်။