စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း စစ်ကောင်စီအထိုင်ချ ပျူစောထီးရွာများကို ဒေသကာကွယ်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ရှုံးနေသည့် စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူပေးနေရကြောင်း သိရသည်။
ကလေးမြို့မြောက်ပိုင်း၊ စစ်ကောင်စီအထိုင်ချ ပျူစောထီးရွာများဖြစ်သည့် ဆည်တော်ဦး၊ ကျောက်တိုက်ရွာများကို ယနေ့(မတ် ၁၆ရက်)၊ မနက်၃နာရီခွဲခန့်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကလေးမြောက်ပိုင်းစစ်ရေးသတင်းရင်းမြစ်က MPAကိုပြောသည်။
“ ကိုယ့်ဘက်က ၄ယောက်လောက်တော့ထိထားတယ်လို့သိရတယ်။ ဒဏ်ရာရတယ်ပေါ့၊ သူတို့ဘက်အကျအဆုံးတော့မသိရသေးဘူး။ သူတို့ရွာအပြင်ဂိတ်တွေကနေ အကုန်ဆုတ်ပြေးတယ်။ အဲ့ဒါကိုလိုက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာ၊ စစ်သားနဲ့ပျူစောထီး(၁၀)ကောင်လောက် ကိုယ့်ဘက်ကဖမ်းဆီးထားတယ်လို့သိရတယ်” ဟု ၎င်းကရှင်းပြသည်။
တိုက်ပွဲဖြစ်ပွားစဥ် ကလေးမြို့စစ်ကောင်စီမှ နေ့လယ်ပိုင်းအထိ လက်နက်ကြီး အချက်၅၀နီးပါးပစ်ကူပေးခဲ့ရပြီး မနက်(၈)နာရီအချိန်တွင် Mi35ရဟတ်ယာဥ်ဖြင့် အခေါက်ပေါင်းများစွာ ပစ်ကူးပေးခဲ့ခြင်းဖြစ်သည်။
ယင်းသို့ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ကူများစွာပေးနေမှုကြောင့် ကလေးမြို့မြောက်ပိုင်းကျေးရွာများသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိနေပြီး အရပ်သားနေအိမ် ထိခိုက်ပျက်စီးမှုများလည်း ရှိနိုင်ကြောင်းသိရသည်။
“ Mi35နဲ့ ကြဲတာပစ်တာဒီအတိုင်းမြင်နေရတယ်။ လေးငါးမိနစ်ပစ်လိုက်၊ ဝဲလိုက်ပဲ၊ နိမ့်နိမ့်ပျံပြီးမပစ်ဘူး။ တော်တော်မြင့်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာက မြို့ထဲနဲ့လည်းနီးတာကို၊ သွားလိုက်ပြန်လိုက်ပဲ၊ ကျည်ဖြည့်တာလား၊ ဘာလားတော့မသိဘူး ပတ်ပျံလိုက်သွားပစ်လိုက်ပဲ” ဟု ကလေးမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
မတ်လ၁၄ရက်နေ့ကလည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးမြို့မြောက်ပိုင်း၊ လက်ပံချောင်းရွာမှ အရပ်သား၂ဦးသေဆုံး၍ ကလေးငယ်များအပါအဝင် ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။