ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ မကျီးစမ်းရွာကို မီးရှို့ပြီးထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို PPDF 3601 တပ်ရင်းက တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦးသေဆုံးပြီး၊ ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ယနေ့(မတ်လ ၁၆ ရက်)တွင်ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် မတ် ၁၄ရက်၊ မွန်းလွဲ ၁နာရီ ၁၅မိနစ်တွင် မကျီးစမ်းရွာကို မီးရှို့ပြီးထွက်လာသည့် အင်အား ၄၀ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို စနိုက်ပါဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား တစ်ဦးသေဆုံးခဲ့ကြောင်း၊ ထို့နောက် အဆိုပါစစ်ကြောင်းသည် နှစ်ဖွဲ့ခွဲကာ ဆက်လက်ထွက်ခွာလာစဉ် ပေါင်းတည်မြို့၊ ဗိုလ်ရုံတောင်ကြောတန်း(ပဲခူးရိုးမ)အရောက် ညနေ ၄နာရီခွဲတွင်တစ်ကြိမ်၊ ညနေ ၆နာရီတွင် တစ်ကြိမ် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း PPDFတပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး တာဝန်ခံကပြောသည်။
“ ၆၆ တပ်ရင်း လက်အောက်ခံတပ်နဲ့ ကပစ ၁၉တို့ ပူးပေါင်းပြီး ပေါက်ခေါင်းကိုင်းဖျားရွာကနေ မကျီးစမ်းရွာကိုရောက်လာတာ၊ မီးရှို့ပြီးရွာကထွက်လာတော့ sniperပစ်တာ တစ်ယောက်သေတယ်။ ပြီးတော့ ဗိုလ်ရုံတောင်ကြောတန်းဘက်မှာ မိုင်းနှစ်ကြိမ်ဆွဲတာ နှစ်ယောက်သေတယ်။ မျက်မြင်အတည်ပြုရတယ်” ဟု ၎င်းကပြောသည်။
အထိနာခဲ့သည့် စစ်ကောင်စီသည် မတ် ၁၅ရက်၊ မနက် ၆နာရီခွဲခန့်တွင် နတ်ရေတွင်းရွာသို့ ဝင်ရောက်ကာ အိမ်အချို့နှင့် တဲတိုက်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။
“ မိုင်းဆွဲပြီး အထိနာသွားတော့ အ့နားမှာဘဲ စခန်းချနေတာ၊ နောက်နေ့(မတ်လ ၁၅ရက်) မနက်မှာ နတ်ရေတွင်းရွာထဲ၀င်ပြီးမီးရှို့သွားတယ်၊ မီးခိုးလုံးတွေမြင်နေရတယ်” ဟု ၎င်းကပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် စစ်သား ၃ဦးကို ယနေ့(မတ် ၁၆ရက်)၊ မနက် ၈နာရီခန့်တွင် ပေါက်ခေါင်းမြို့သို့ ကားဖြင့်ခေါ်ဆောင်ခဲ့ပြီး၊ လက်ရှိ စစ်ကြောင်းသည် လက်ကြီးရွာ၌ စခန်းချထားကြောင်း သိရသည်။
အထက်ပါတိုက်ခိုက်မှုကို PPDF 3601 တပ်ရင်း Sniperတပ်ဖွဲ့နှင့် တပ်ခွဲ (၁)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ နောက်ဆုံးပတ် မှ မတ်လ ပထမပတ်အထိ ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်ရှိ ရွာများသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၁၈ဦးသေဆုံးခဲ့သည်။