စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကာ မြင်းခြံခရိုင်တပ်ရင်း(၇) ထံသို့ ရောက်ရှိလာသူများအား စစ်သင်တန်းစတင်ပေးနေပြီဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းတွင် လူငယ် ၁၀၀ ခန့်ဆက်သွယ်လာပြီး လူငယ် ၃၀ ဦးခန့်ရောက်ရှိရာ ၁၅ ဦးကို စစ်သင်တန်းစတင်ပေးနေပြီဖြစ်ကြောင်း မြင်းခြံခရိုင်တပ်ရင်း(၇)- Zeroပြောက်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ)ထံက သိရသည်။
“ဆက်သွယ်လာတွေကတော့ ရာဂဏန်းလောက်ရှိတယ်။သို့သော်လည်း ကျနော်တို့က စိတ်ချရတဲ့သူ၊ပတ်သက်ရာ ပတ်သက်ကြောင်းတွေလောက်ပဲ စိစစ်ပြီးမှ လက်ခံတာပါ။လတ်တလောရောက်တဲ့ လူငယ် ၁၅ ဦးကို စတင်ပြီး စစ်သင်တန်းပေးနေပါပြီ” ဟု မြင်းခြံခရိုင်တပ်ရင်း-၇ ၏တပ်ရင်းမှူးဗိုလ်သက်ကြီးက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စစ်စည်းကမ်းများကိုလည်း သင်တန်းတွင်ပို့ချပေးနေကြောင်းသိရသည်။
“အရပ်သားကို စစ်သင်တန်းပေးရတာဆိုတော့ လိုချင်တဲ့ပုံစံဖြစ်အောင်တော့ လုပ်ယူရတာပေါ့။MOD ကချမှတ်ထားတဲ့ စစ်စည်းကမ်းနဲ့ကျနော်တို့တပ်ဖွဲ့ရဲ့စည်းကမ်းတွေကို သင်ပေးတယ်။နောက်တော့ စစ်ပညာကိုသင်ကြားပေးတယ်။လူငယ် လူငယ်ရွယ်တွေဆိုတော့ တော်ကြပါတယ်။ထက်ကြပါတယ်။သင်ကြားရတာ မခက်ခဲပါဘူး။ရေရှည်မှာ ဇွဲရှိဖို့ ရဲဘော်ကောင်းတစ်ယောက်ဖြစ်ဖို့သင်ကြားရတာမျိုးပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
ယခင်က မိဘများ၏ ဟန့်တားမှုကြောင့် PDFတပ်ထဲသို့ မဝင်ဖြစ်သော်လည်း စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် မိဘတို့ကိုယ်တိုင် ခွင့်ပြုသဖြင့် PDFတပ်ထဲသို့ ရောက်ရှိလာကြောင်း စစ်သင်တန်းတက်ရောက်နေသည့် ရဲဘော်သစ် တစ်ဦးကပြောသည်။
“စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတဲ့နောက်မှာ ကျနော့်မိဘ ကိုယ်တိုင်က ခွင့်ပြုခဲ့တာပါ။ခုတော့ လွတ်လွတ်လပ်လပ် ကျနော် လုပ်ချင်တာ၊ဖြစ်ချင်တာ လုပ်ခွင့်ရသွားပြီလေ”ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံအတွင်းရှိများစွာသောလူငယ်တို့သည် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်းတွင် နီးစပ်ရာ PDFတပ်ရင်း၊တပ်ဖွဲ့များထံ ဝင်ရောက်သူများရှိသလို ပြည်ပနိုင်ငံများသို့ ထွက်ခွာနေကြောင်းလည်း သိရသည်။
ဖေဖေါ်ဝါရီ၁၀ရက်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ပြဌာန်းခဲ့သည်။