တရားမဝင် စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကာ တိမ်းရှောင်ကြမည့် လူငယ်နှင့်ပြည်သူများ ဆက်သွယ်ရန် Hot Line ချန်နယ်တစ်ခု မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
“သိပ်မကြာခင်လည်း Hot Line ချန်နယ်တစ်ခုဖွင့်သွားဖို့ ပြင်ဆင်နေတာရှိပါတယ်။ဒီ Hot Line ပြီးသွားရင်လည်း Telegram ချန်နယ်တစ်ခုပေါ့နော်။ဒီHot Line ကနေပြီးတော့ သက်ဆိုင်ရာ ကိုယ့်ရဲ့အခက်အခဲ၊ဘာလုပ်ရမယ်ဆိုတာမျိုးမေးမြန်းနိုင်တယ်။အဲ့ဒီမှာ ကူညီနိုင်တာရှိတာကူညီမယ်။ ချိတ်ဆက်ပေးနိုင်တာရှိတာတွေ ချိတ်ဆက်ပေးမယ်။လမ်းညွှန်ပေးလို့ရတဲ့ကိစ္စတွေလည်း ဘယ်ကိုသွားပါ၊ ဘယ်မှာစုံစမ်းပါ စသည်ဖြင့် ဒီ Hot Line ကတစ်ဆင့်လွှဲပေးသွားမှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။
လက်ရှိတွင် ရန်ကုန်၊နေပြည်တော်နှင့် မြို့များစွာတို့၌ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး များက စစ်မှုထမ်းရမည့် အသက်အရွယ်ရှိ လူငယ်များ စာရင်း ကောက်ယူခြင်းနှင့် ရပ်ကွက်ရုံးများသို့ ဆင့်ခေါ်ခြင်းတို့ပြုလုပ်နေပြီဖြစ်သလို စစ်မှုထမ်းရန် မဲနှိုက်ခိုင်းခြင်းကို မြို့အချို့၌ ပြုလုပ်နေကြောင်း သိရသည်။
“အခု ရန်ကုန်မှာဆိုရင်လည်း အကုန်ယောက်ယက်ခတ်နေရပြီ။PDF ထဲမဝင်ချင်တဲ့ လူငယ်တွေအ တွက် ဘာလုပ်နိုင်မလဲဆိုတဲ့ လမ်းကြောင်းတစ်ခုကို NUGနဲ့ မဟာမိတ်တွေ ချမှတ်ဖော်ဆောင်ပေးနိုင် ဖို့ အရေးတကြီးလိုနေပြီ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကပြောသည်။
စစ်မှုထမ်းဥပဒေကို တရားမဝင် အသက်သွင်းနေသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို နိုင်ငံတကာအသိုင်း အဝိုင်းအနေနှင့် အမြန်ဆုံးထိရောက်စွာ အရေးယူပေးရန် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီ၁၃ရက် တွင် ကြေညာချက်ထုတ်ပြန်ကာ တိုက်တွန်း ထားသော်လည်း ယနေ့ထိတိုင် နိုင်ငံတကာအသိုင်းအဝိုင်းက သံတမန်ရေး ကန့်ကွက်မှုများပင် မရှိ သေးပေ။
စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို မြန်မြန်ဆန်ဆန် ဖော်ဆောင်နေပြီဖြစ်ကြောင်း နိုင်ငံတကာ အသိုင်း အဝိုင်းရော တော်လှန်ရေးအင်အားစုများပါ အရေးတကြီး သတိပြုကြရန် လိုပြီဟု နိုင်ငံရေး ဆောင်းပါးရှင်က ဆက်လက်ပြောသည်။
“ကျနော်တို့အနေနဲ့ပြောလိုတာကတော့ လက်ရှိအချိန်မှာ တစ်နိုင်ငံလုံးကို အကြမ်းဖက်စစ်အုပ်စုက စိုးမိုးထိန်းချုပ်ထားတာမဟုတ်ဘူး။အဲ့ကြောင့်မို့ NUG+တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ် ထားတဲ့ နယ်မြေတွေကို တစ်နည်းနည်းနဲ့ရောက်ရှိလာပြီဆိုရင်တော့ ဒါကိုယ့်တိုင်းပြည်ထဲက ကိုယ့် တော်လှန်ရေးအင်အားစုတွေထဲက နယ်မြေတွေ ဖြစ်တာကြောင့် ကျနော်တို့ အချင်းချင်း ညှိနှိုင်း ဆောင်ရွက်ပြီးတော့ တတ်နိုင်သမျှ အဆင်ပြေဆုံးဖြစ်အောင် ကျနော်တို့တွေ စီမံဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီးနောက် များစွာသောလူငယ်တို့ သည် နီးစပ်ရာ PDFတပ်ရင်း၊တပ်ဖွဲ့များထံသို့ ဝင်ရောက်နေကြသလို အိမ်နီးချင်းနိုင်ငံများသို့လည်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။