ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လောက်ကိုင်မြို့ရှိ ဗမာတန်း အဆောက်အအုံကို MNDAA က ဖြိုဖျက်ခြင်းမရှိသေးကြောင်း သိရသည်။
လောက်ကိုင်မြို့၊ ဗမာတန်းအဆောက်အအုံကို ၃ရက်အတွင်းအပြီး ပြောင်းရွှေ့ရန် MNDAA စည်ပင်သာယာရေးအဖွဲ့က မတ်လ ၉ရက်တွင် စာထုတ် ထားသော်လည်း ယနေ့ (မတ်လ ၁၄ရက်)အထိ လာရောက်ဖြိုဖျက်ခြင်းမရှိသေးကြောင်း ဗမာတန်းအတွင်း နေထိုင်သူများက ပစ္စည်းများသိမ်းကာ ရွှေ့ပြောင်းနေကြပြီဖြစ်ကြောင်း လောက်ကိုင်မြို့ခံအချို့ထံက သိရသည်။
“ အခုထိဖျက်တယ်တော့မကြားသေးဘူး။ကားကြီး၊ကားငယ်နဲ့တော့ ပစ္စည်းတွေပြောင်းရွှေ့နေကြပြီ။ ကိုးကန့်ဘက်ကစာထုတ်ထားတယ်ဆိုတော့ ဖျက်တာတော့ဖျက်မှာ။ အချိန်နည်းနည်းပိုပေးတာ ထင်တယ်” ဟုလောက်ကိုင်မြို့၌လက်ရှိနေထိုင်နေသူအမျိုးသမီးတစ်ဦးကပြောသည်။
ယင်း ဗမာတန်းအဆောက်အအုံသည် စည်ပင်မြေ ပေါ်၌ တည်ဆောက်ထားခြင်း ကြောင့် ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ ကိုးကန့်ဘက်ကကြေညာတဲ့ပုံစံဆိုရင် အဲ့နေရာက လမ်းနေရာပေါ့။ ကိုးကန့်တပ်တွေထွက်သွားတဲ့စပ်ကြားမှာ အရင်အုပ်ချုပ်တဲ့သူတွေက သူတို့အကျိုးအမြတ် အတွက်ငွေရချင်တဲ့စိတ်နဲ့ ဒီစည်ပင်နေရာတွေကိုရောင်းချသွားတယ်ပေါ့။ လျော်ကြေးဘာညာတော့ မကြားမိသေးဘူး” ဟု ၎င်းကပြောသည်။
လောက်ကိုင်မြို့၊ ရင်ဖုန်းလမ်းပေါ်တွင် ဆောက်ထားသည့်အဆောက်အအုံများကိုလည်း စည်ပင်မြေပေါ်၌ ဆောက်လုပ်ထားခြင်းကြောင့်ဟုဆိုကာ MNDAA က ဖြို ချခဲ့ကြောင်း သိရသည်။
“ ရင်ဖုန်းလမ်းကိုလည်း လမ်းမြေနေရာမလွတ်လို့ဆိုပြီး အရင်လကတည်းက ဖြိုနေတာ၊ပြီးခဲ့တဲ့ ၁၀ရက်လောက်ကမှ ဖြိုလို့ပြီးသွားတာ။ ရင်ဖုန်းလမ်းကျတော့ အရင်က ပြည့်တန်ဆာတွေအလုပ် လုပ် တဲ့နေရာ ဆိုတော့ တရုတ်သူ ဌေး တွေပဲပိုင်တာထင်တယ်။ ဒါကြောင့် ဘာအသံမှ မထွက်လိုက် ဘူး” ဟု အနေကြာ လောက်ကိုင်မြို့သားတစ်ဦးကပြောသည်။
လောက်ကိုင်မြို့တွင် မြန်မာများ နေထိုင်သည့် ဗမာတန်း အဆောက်အအုံ တိုက်တန်း များစွာ ရှိပြီး လမ်းမြေပေါ် ဆောက်ထားသည့် ယခုဗမာတန်းတစ်ခုတည်းသာ ဖယ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
“ အဲ့ဒီဗမာတန်းတစ်ခုပဲ ဖယ်ရတာပါ။ ကျမတို့နေတဲ့ဗမာတန်းမှာတော့ မဖယ်ရပါဘူး။ အဲ့နေရာကလည်း စည်ပင်မြေဆိုတော့ ဖယ်ပေးရတယ်ပြောတယ်။ အဖယ်ခံရသူတွေအတွက် စိတ်မကောင်းဘူး။သနားတယ်။ အနှစ်နှစ်အလလက ကြိုးစားစုဆောင်းထားတဲ့ပိုက်ဆံတွေနဲ့ ဆောက်ထားရတာ။ဒါကြောင့် မြေဝယ်မယ်ဆိုရင် သေချာလေ့လာပြီးမှဝယ်သင့်တယ်။ အခုလိုဆိုရင် နှမြောစရာကြီး။ ကိုယ်သာဆိုလည်း အရမ်းစိတ်ထိခိုက်ရမှာ” ဟု လောက်ကိုင်မြို့ရှိဗမာတန်းတစ်ခု တွင် နေထိုင် နေသူတစ်ဦးကပြောသည်။
လောက်ကိုင်မြို့ရှိ ယခု ဖယ်ရှားခိုင်းသော ဗမာတန်းအဆောက်အအုံ တွင် ဆိုင်ခန်းပေါင်း ၆၀ ကျော်ရှိကြောင်း သိရသည်။