ဒရုန်း Jamper တပ်ဆင်ထားသည့် မြိုင်မြို့ထွေအုပ်ရုံးနှင့် မြို့မြောက်ဘက်အထွက်ဂိတ်တို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
မတ်လ ၁၂ရက်၊ နံနက် ၉နာရီ ၁၅မိနစ်ခန့်တွင် မကွေးတိုင်း၊မြိုင်မြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် မြို့မြောက်ဘက်အထွက်ဂိတ်တို့ကို RC Plane ဒရုန်းများဖြင့် ဗုံးသီး ၁၀လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း Earthquake People’s Defence Force သတင်းပြန်ကြားတာဝန်ခံ ကိုပိန်ကပြောသည်။
” ထွေအုပ်ရုံးမှာလည်းရှိတယ်။ ဂိတ်မှာလည်းရှိတယ်။ အပင်ရဲ့ထိပ်ဖျားနားမှာတင်ထားတာ။ သူတို့စက်က အောက်မှာဆိုအလုပ်မလုပ်ဘူး။ အမြင့်ကိုတင်ထားမှအလုပ်လုပ်တာ။ ကျနော်တို့ RC Plane က Jamper ကျော်နိုင်တယ်။ ဘယ်လို Jamper မျိုးဖြစ်ဖြစ်ကျော်နိုင်တယ်” ဟု ၎င်းကပြော သည်။
ရန်သူနယ်မြေအတွင်းသို့ တိုက်ခိုက်ခြင်းဖြစ်သည့်အတွက် ထိခိုက်သေဆုံးမှုကို မသိရသေးကြောင်း ၎င်းကပြောသည်။
အလားတူ မတ်လ ၁၂ရက်ကလည်း ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ပျူရွာနှင့် ညောင်ပင်လှလမ်းခွဲရှိ အင်အား ၂၀ဝန်းကျင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီး ၁၁လုံး ကြဲချတိုက်ခိုက်ခဲ့သေးကြောင်း Earthquake People’s Defence Forceက ထုတ်ပြန်ထားသည်။
“ ဂိတ်စခန်းပေါ်တွေ တည့်တည့်ကျတယ်။ အထိအခိုက် အသေအဆုံးတော့ရှိနိုင်ပါတယ်” ဟု တိုက်ပွဲဝင်ရဲဘော်တစ်ဦးကပြောသည်။
တိုက်ခိုက်မှုများအပြီးတွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုများကို Earthquake People’s Defence Force ၊မြိုင် ပကဖ တပ်ရင်း – ၂ ၊ မြိုင် မြို့နယ် မြောက်ပိုင်းဇုံတိုက်နယ်-၄ MPL အဖွဲ့၊ နဂါးနီတပ်ခွဲ ၂၊ Black Cobra၊ DMG (ဓားမင်းကြီးတပ်ဖွဲ့)၊ Pku Thurian၊ N.Yso၊ ပခုက္ကူခရိုင်တပ်ရင်း (၁၀)နှင့်တပ်ရင်း(၃) အဖွဲ့တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။