ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ စစ်ကောင်စီ လေတပ်အရာရှိအိမ်ရာဂိတ်နှင့် စော်ဘွားကြီးကုန်း အုပ်ချုပ်ရေးမှူးရုံးကို မတ်လ ၁၂ ရက်၊ ည ၈ နာရီခွဲဝန်းကျင်က ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း DarkShadow တပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦး MPA ကို ပြောသည်။
စစ်ကောင်စီလေတပ်အရာရှိများသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဒုက္ခများပေးနေသဖြင့် ၎င်းတို့နေထိုင်သည့် အိမ်ရာလိုင်းခန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားလည်ပတ်စေရန် ရပ်ကွက်နေပြည်သူများထံမှ မတရားအနိုင်ကျင့်၊ ငွေညှစ်မှုများလုပ်ဆောင်နေသည့် စော်ဘွားကြီးကုန်းအနီးရှိ အုပ်ချုပ်ရေးမှူးရုံးကိုလည်း အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းကရှင်းပြသည်။
“ ရက်ကွက်ရုံးက အပျက်အစီးရှိတယ်။ လေတပ်ဝန်းဂိတ်ကတော့ အထိအခိုက်ရှိနိုင်တယ်။ ကျွန်တော်တို့ ပစ္စည်းက တော်တော်ပြင်းအားကောင်းတယ်။ အဓိကတော့ သူတို့အကြောက်တရားရအောင်ရယ် နောက်ပြီး လေတပ်မိသားစုကို ပြည်သူနဲ့တူ ကျွန်တော်တို့အဖွဲ့က ဒဏ်ခတ်အရေးယူခဲ့တာပါ” ဟု ၎င်းကဆိုသည်။
ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် အဆိုပါနေရာ ၂ ခုသည် အကွာအဝေးအားဖြင့် ၃ ပေနီးပါးသာရှိပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်များက လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
“ အထိအခိုက်ကတော့ မကြားမိဘူး။ စစ်သားတွေ လာစစ်ဆေးတာတော့ရှိတယ်။ အဲဒီလမ်းကိုပိတ်ပြီး ပေါက်ကွဲတဲ့နေရာမှာ အသွားအပြန်ပိတ်စစ်ခဲ့တယ်” ဟု ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာအနီးက သတင်းရင်းမြစ်တစ်ဦးကပြောသည်။
အဆိုပါဖောက်ခွဲမှုကို Dark Shadow တပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ၊ ၂၆ ရက်ကလည်း မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ ကုတင် ၁၀၀၀ စစ်ဆေးရုံ၊ လုံခြုံရေးဂိတ်ကို Dark Shadow တပ်ဖွဲ့က Drone နည်းပညာအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။