လက်နက်များနှင့်တကွ အလင်းဝင်လာသော ဖားဆောင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်၄ဦးကို ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း ကရင်နီပြည်နယ်အခြေစိုက် ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF)ထံကသိရသည်။
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး ၁ ဦးနှင့် ရဲတပ်သား ၃ ဦးတို့သည် AK-M22 သေနတ်၃ လက်၊G-3 ၁လက် ၊M22 ကျည်ဘောက် ၁၀ ခု၊M22 ကျည် ၅၅၀ ၊လက်ပစ်ဗုံး ၁၀ လုံး၊ G – 3 ကျည်ဘောက် ၃ ခုနှင့်G-3 ကျည် ၁၀၀ ခန့် ယူဆောင်လာကာ မတ်လ၃ရက်က အလင်းဝင်လာ ကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF)က မတ်လ၁၂ရက်၌ သတင်း ထုတ်ပြန်သည်။
“ကျနော်တို့ ကြိုတင်ချိတ်ဆက်ပြီးမှ ချိန်းတဲ့နေရာကို သွားရောက်ခေါ်တာပါ။မိသားစုဝင်တွေ မပါဘူး။ဆုကြေးငွေပေးဖို့ ချိတ်ဆက်ထားတဲ့အဖွဲ့ရှိပါတယ်။ဘယ်လောက်ပေးမယ်ဆိုတာကိုတော့ ပြောပြလို့မရသေးပါဘူး” ဟု BPDF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း ဘောလခဲမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦးသည် G-3 သေနတ် ၁ လက်၊ကျည်ဘောက် ၆ ခုနှင့် ကျည်ဆန် ၃၃၀ နှင့်အတူ အလင်းဝင်လာကြောင်းလည်း BPDF က ထုတ်ပြန်ထားသည်။
“လက်နက်နဲ့အလင်းဝင်ရောက်လာမဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ကိုယ်တာဝန်ကျတဲ့ နယ်မြေမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ဝင်မယ်ဆိုရင် လက်နက်ပါ အပါသယ်လို့ရတယ် ။အန္တရာယ် လည်းကင်းမယ်။သက်သောင့် သက်သာ အလင်းဝင်ရောက်နိုင်လိမ့်မယ်။အလင်းဝင်လာတဲ့အတွက် လူသားတစ်ယောက် ရသင့်ရထိုက်တဲ့ လူ့ဂုဏ်သိက္ခာတွေပြန်ရလာမှာပါ။စစ်ကောင်စီကြောင့် ကျ ဆုံးခဲ့တဲ့ ဂုဏ်သိက္ခာတွေကို အခုအချိန်မှ ပြန်မဆယ်နိုင်ရင် နောက်တစ်ချိန်ဆိုတာ ရှိလာမှာမဟုတ် တော့ပါဘူး” ဟု CDM ဒုရဲအုပ် ပိုင်စိုး ကပြောသည်။
စစ်သားနှင့်ရဲတပ်ဖွဲ့ဝင်များ အလင်းဝင်လိုပါက ဆက်သွယ်စုံစမ်းနိုင်ပြီး ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း BPDF က အသိပေးထားသည်။