မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် လာမည့် မတ်လ ၁၅ ရက်နောက်ပိုင်းမှစ၍ နေ့အပူချိန် ၄၀°C အထက် မြင့်တက်လာနိုင်သဖြင့် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ အပူဒဏ် (Heat Stroke) ကြောင့် အသက်ဆုံးရှုံးမှုများ မဖြစ်အောင် အထူးသတိပြုနေထိုင်သင့်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က သတိပေးပြောဆိုသည်။
ယခုအချိန်သည် ဆောင်းအကုန် – နွေအကူး ရာသီကူးပြောင်းကာစ ကာလဖြစ်သောကြောင့် ညအအေးဓာတ်သည် နေ့အပူချိန်ကို မသိမသာလျော့ကျအောင် လုပ်နိုင်နေဆဲဖြစ်သော်လည်း ညအပူချိန်များတိုးလာပြီး ညဘက်အအေးပေါ့လာသည့်နောက်ပိုင်းတွင် နေ့အပူချိန်များ သိသိသာသာမြင့်တက်လာမည် ဖြစ်ကြောင်း သိရသည်။
“ နေ့အပူချိန် ၄၀°C အထက်တက်လာတာကတော့ နှစ်စဉ်ဖြစ်မြဲပါ။ တကယ်တမ်း ဧပြီလနဲ့ မေလ ၂ လက အပူဆုံးလတွေဖြစ်တာကြောင့် နွေရာသီရက်ရှည်ကျောင်းပိတ်ရက်ဆိုပြီး သတ်မှတ်တယ်၊ ဇွန်လထဲကျမှ ကျောင်းတွေပြန်ဖွင်တယ်။ ၁၉၉၀ နောက်ပိုင်းနှစ်တွေမှာ ကျောင်းတွေပြန်ဖွင့်တဲ့ ဇွန်၊ ဇူလိုင်လတွေအထိ မိုးမရွာရင် ပူလောင်အိုက်စပ်နေတာ ကြုံခဲ့ကြရမှာပါ။ ရာသီဥတုပြောင်းလဲခြင်း၊ ကမ္ဘာကြီးပူနွေးလာခြင်း ဆိုတဲ့ဖြစ်စဉ်တွေကြောင့် အခုလို နွေရာသီကာလအတွင်း အပူချိန်မြင့်တက်တာတွေနဲ့ အားကောင်းတဲ့မုန်တိုင်းကြီးတွေ အဖြစ်များလာတာ အခု ၂၀၂၀ နောက်ပိုင်းနှစ်တွေမှာ ပိုပြီးတွေ့လာရပါတယ်” ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ဆိုသည်။
ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသအချို့တို့တွင် မတ်လ ၁၅ ရက်နောက်ပိုင်းမှစပြီး နေ့အပူချိန်များမြင့်တက်လာနိုင်ပြီး အမြင့်ဆုံးအပူချိန်အနေဖြင့် ၄၀°C အထက်(ခရမ်းရောင်အဆင့်)ဖြစ်လာနိုင်ကြောင်းလည်း သိရသည်။
” အပူဒဏ်ကြောင့် အထိခိုက်ဆုံးက ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအပြင် ကျန်းမာရေးဓာတ်ခံမကောင်းကြသူတွေ(သွေးတိုး၊ နှလုံး၊ အဆုတ်အားနည်း စသည်ဖြင့်) ပါပါတယ်။ အရက်သေစာအလွန်အကျွံသောက်တတ်သူတွေလဲ ပါပါတယ်။ ဒါကလဲ နွေရာသီရောက်တိုင်း အပူရှိန်ပြင်းတိုင်းဖြစ်တာပါပဲ။ နှစ်စဉ် အပူဒဏ်ကြောင့် လူ့အသက်တွေဆုံးရှုံးကြရတဲ့နှုန်းကို ကျွန်တော်တို့နိုင်ငံက ကျန်းမာရေးဝန်ကြီးဌာနမှာရှိမှာပါ။ သို့သော် online မှာ publish လုပ်ထားတာတော့ မတွေ့မိပါ။ ဒီလာမယ့် စနေနေ့ ပြဒါးတိုင်အပူချိန် ၃၇ ဖြစ်တဲ့အချိန်မှာ တကယ်ခံစားရတဲ့ အပူချိန်က ၄၂ ဖြစ်ပြီ။ အဲ့ဒါအရမ်းကြောက်စရာကောင်းပါတယ်။ အဲ့သလိုနဲ့ Heat-Stroke ရကုန်ကြတာပါပဲ” ဟု ဦးဝင်းနိုင်က ရှင်းပြသည်။
ထို့ပြင် နွေရာသီအပူရှိန်မြင့်တက်လာချိန်တွင် တောမီး၊ စိုက်ခင်း၊ ယာခင်းများတွင်လောင်နိုင်သည့်မီး၊ လူနေအိမ်များတွင်လောင်နိုင်သည့်မီး စသည်ဖြင့်မီးလောင်နိုင်ချေပိုမိုများပြားလာနိုင်ပြီး မီးပေါ့ဆမှုကြောင့် မီးဘေးအန္တရာယ်မဖြစ်စေရန် သတိပြု၍ ရှောင်ကျဉ်သင့်ကြောင်းလည်း ဦးဝင်းနိုင်က အသိပေးပြောဆိုထားသည်။
“ တက်နိုင်သမျှ အရိပ်ထဲနေ၊ နေ့လည်ခင်း နေပူထဲထွက်ရင် ထီး၊ ဦးထုပ်ဆောင်း၊ အင်္ကျီကိုအမည်းရောင်ရှောင်၊ ချည်သား ပွပွဝတ်၊ နောက်ပြီး ရေဓာတ်ခမ်းခြောက်မှု မဖြစ်အောင် ရေများများသောက်ပေး၊ ချွေးထွက်လွန်ပြီး လူနုံးရင် ဓာတ်ဆားရည်သောက်ပေးပါ” ဟု လွတ်မြောက်နယ်မြေတစ်နေရာက ဆရာဝန်တစ်ဦးက အကြံပြုပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများတွင် မတ်လ ၁၁ ရက်တွင် အမြင့်ဆုံးအပူချိန်သည် ၃၈°C အထိ ရှိနိုင်ပြီး ပဲခူးမြို့နှင့် ဘားအံမြို့သည် အခြားမြို့များထက် အပူချိန်ပိုမိုမြင့်တက်နိုင်ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဖော်ပြထားချက်များအရ သိရသည်။
“ အပူဒဏ်ကို လူတန်းစားကွဲပြားမှုပေါ် မူတည်ပြီး ကာကွယ်ပုံတွေ ခံစားရပုံတွေလည်း ကွဲပြားမယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ သာမန်လူတန်းစားထဲကဖြစ်တဲ့အလျှောက် ပန်ကာလောက်ပဲ တတ်နိုင်ပေမယ့် ပန်ကာလေကို မခံနိုင်တဲ့အခါ နေ့လယ်မွန်းတည့်ပိုင်းလောက်ကစပြီး အကျီစွပ်ကျယ်ဝတ် အခန်းပြတင်းပေါက်လေးဖွင့်ပြီးပဲ လေအေးတွေတိုက်လာတာ စောင့်ရင်း အပူဒဏ်လျော့သွားအောင်လုပ်ဖြစ်ပါတယ်။ ဘယ်လိုပဲ ကာကွယ်ကွယ် ဒီနေ့ခေတ် ဗမာပြည်သားဖြစ်တဲ့အလျှောက် နွေဦးကာလမှာတင် နေပူ၊ လေပူနဲ့ စိတ်သောကအပူတွေကတော့ တစ်နေ့တခြား တိုးတိုးလာတာတော့ လက်တွေ့ပါပဲ” ဟု ရန်ကုန်မြို့နေ လူငယ်တစ်ဦးကဆိုသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်အပူဒဏ်ကြောင့် သေဆုံးမှုဖြစ်စဉ်များရှိခဲ့သော်လည်း စာရင်းအတိအကျမှတ်တမ်းပြုစုထားသည့် အချက်အလက်များအား ထုတ်ပြန်ထားခြင်း မတွေ့ရှိရပေ။
ကမ္ဘာ့နိုင်ငံတစ်ခုဖြစ်သော အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်တွင်မူ ၂၀၂၂ ခုနှစ်အတွင်း အပူဒဏ်နှင့်ဆက်စပ်သည့် ဖြစ်ရပ်များကြောင့် သေဆုံးသူဦးရေ ၁,၆၇၀ ရှိခဲ့ပြီး ချွေးထွက်လွန်ခြင်း၊ နှလုံးခုန်နှုန်းမြန်လွန်းကာ အမောဖောက်ခြင်း၊ အပူလှိုင်းဒဏ်ခံရခြင်း စသည်တို့ကြောင့် အသက်ဆုံးရှုံးရသူများရှိကြောင်း မှတ်တမ်းများအရ သိရသည်။
ထို့ပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၂ဝ၃ဝ မှ ၂ဝ၅ဝ အတွင်း ရာသီဥတုပြောင်းလဲပြီး အပူလွန်ကဲခြင်းနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်တတ်သော ရောဂါများကြောင့် ပုံမှန်သေဆုံးသူဦးရေထက် နှစ်သိန်းခွဲနီးပါး ပိုမိုသေဆုံးနိုင်ကြောင်း (WHO)က ခန့်မှန်းထားသည်။