စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြင်းမူရဲစခန်းမှ ဆိုင်ကယ်နှစ်စီးဖြင့် ထွက်လာသည် ရဲများကို တော်လှန်ရေးပူးပေါင်းတပ်က လက်ပစ်ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း True Fighter မြင်းမူမြို့ပြပျောက်ကျားတပ်ဖွဲ့က မတ် ၉ရက်တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ် ၈ရက်၊ ည ၁၀နာရီခွဲခန့်တွင် မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ်သို့ ကင်းချိန်းရန်လာသည့် ရဲဆိုင်ကယ်နှစ်စီးကို သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း True Fighter မြင်းမူမြို့ပြပျောက်ကျားတပ်ဖွဲ့ တာ၀န်ခံကပြောသည်။
“ နှစ်ရက်သုံးရက်လောက်ကတည်းက ကင်းထောက်ပြီးသတင်းရလို့စောင့်တိုက်တာ၊ ရဲစခန်းကအထွက် မြင်းမူအထကကြီး ကျောင်း၀င်ပေါက်အကျော်မှာဆိုင်ကယ်နှစ်စီး ရှေ့ဆိုင်ကယ် ကနှစ်ယောက်၊ နောက်ဆိုင်ကယ်က သုံးယောက်၊ နောက်ဆိုင်ကယ်ကို ထိမှန်ပြီး ဗုံးကပေါက်ကွဲတယ်။ သူတို့ထိမှန်ပြီး ပြန်ပစ်တော့ ကျောင်းရှေ့တိုက်က အန်တီတစ်ဦး ပေါင်ကို ကျည်မှန်သွားတယ်” ဟ င်းကပြောသည်။
ထို့ပြင် မတ် ၉ရက်၊ မနက် ၅နာရီခန့်တွင် ဗုံးထိမှန်မှုကြောင့် ပျက်စီးသွားသည့် ဆိုင်ကယ်ကိုလာယူသည့် ရဲများက အနီးအနားပတ်ဝန်းကျင်သို့ သေနတ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း မြင်းမူမြို့ရှိ တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။
“ နောက်ရက်(မတ် ၉ရက်)မှာ ထိခိုက်မှုတွေကို စုံစမ်းတော့ ရဲအလောင်းတစ်လောင်း မြင်းမူရဲစခန်းထဲမှာတွေ့တယ်။ နှစ်ယောက်က ဒဏ်ရာပြင်းထန်လို့ ဆေးရုံတင်ထားရတယ်။ ဆိုင်ကယ်အပျက်ကို လာယူရင်း အနီးအနားကို ရမ်းပစ်လို့ ပြည်သူတစ်ဦးသေသွားတယ်” ဟု ၎င်းက ပြောသည်။
အထက်ပါတိုက်ခိုက်မှုကို True Fighter မြင်းမူပြောက်ကျားတပ်ဖွဲ့နှင့် Zero ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။