ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ဦးသေဆုံးကာ၊ ၂ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယနေ့(မတ် ၉ရက်)၊ မနက် ၉နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေးအိမ်စု ကျေးရွာသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အဘိုးအိုတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အသက် ၃၀အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ဒရုန်းနဲ့ ဗုံးက ၂လုံးပါတယ်။ လေးအိမ်စု လမ်းထိပ်ကို ကျတာ၊ အဲဒီမှာ အသက်၇၀လောက် အဘိုးအို တစ်ယောက်သေသွားတာ၊ ဘာ တိုက်ပွဲမှဖြစ်နေတာ မဟုတ်ဘဲ တမင်လာကြဲတာ”ဟု ၎င်းက ပြောသည်။
ထို့ပြင် နေ့လယ် ၁၂နာရီခန့်တွင်လည်း စစ်ကောင်စီက ဒရုန်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ရာ လေးအိပ်စုကျေးရွာအနီး ဖြူးမြို့နှင့် မုန်းမြို့ကို ဆက်သွယ်ထားသည့် ကားလမ်း၌ လမ်းသွားနေသည့် ဆိုင်ကယ်တစ်စီးပေါ်သို့ ကျရောက်ခဲ့ကြောင်း အသက် ၂၀အရွယ် ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
“ဆိုင်ကယ်ပေါ်မှာက ၃ယောက် ပါတယ်။ အသက် ၆၀အရွယ် ဦးရွှေမောင်းဆိုတဲ့သူသေသွားတယ်။ နောက်၂ယောက်က စိုးရိမ်ရတယ်။ ဆေးရုံ ပို့ထားတယ်။ ဆိုင်ကယ်လည်း ပျက်စီးသွားတယ်။ အဲ့ဒီနားမှာအုတ်ဖြတ်ရဲစခန်းရှိတယ်။ အဲဒီစခန်းက ဗုံးကြဲတာလို့ ပြောတယ် ”ဟု ၎င်းက ရှင်းပြသည်။
ဖြူးမြို့နယ်၌ တိုက်ပွဲမဖြစ်ပွားသည်မှာ တစ်လနီးပါးရှိသော်လည်း စစ်ကောင်စီက နေ့စဉ် လက်နက်ကြီးနှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၃၊ အာဠာဝကစစ်ကြောင်း မှ ရဲဘော်တစ်ဦးက ပြောသည်။
“သူတို့ စခန်းတွေ တက်သိမ်းမှာကြောက်နေတာ၊ သူတို့ စိုးမိုးနယ်မြေကလည်း မြို့ပေါ်အနီးတစ်ဝိုက်ပဲ ရှိနေတာ၊ ပြည်သူတွေကို တမင်ရည်ရွယ်ချက်ရှိရှိသတ်နေတာ၊ ဘာလက်နက်မှ မရှိတဲ့ပြည်သူတွေကို လက်နက်ကြီးနဲ့ပစ်သတ်လိုက်၊ဒရုန်းနဲ့ ဗုံးကြဲလိုက်လုပ်နေတာ၊ ပြည်သူတွေကို အကြောက်တရား ရသွားအောင် တမင်လုပ်နေတာ” ဟု ၎င်းက မှတ်ချက်ပြုသည်။
ပြီးခဲ့သည့် မတ် ၆ရက်နှင့် ၇ရက်နေ့များတွင် ခမရ ၄၃၉မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အင်ကွင်းခြောက်အိမ်စုရွာနှင့် ဘုရားလဟာရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၀အောက် ကလေးငယ် ၂ဦးအပါအဝင် ၆ဦးသေဆုံးခဲ့သေးသည်။