ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီ၏အကြီးဆုံးတပ်စခန်းတစ်ခုဖြစ်သည့် ခါယာဘွမ်စခန်းကို KIA က ယနေ့(မတ် ၉ရက်)၊ မွန်းလွဲ ၂နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါစခန်းကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လိုင်ဇာမြို့အနီးအနားပတ်ဝန်းကျင်သို့ လေယာဉ်ဖြင့် ၇ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
“ ခါယာဘွမ်ကို သိမ်းနိုင်တာ ဟုတ်တယ်။ လက်နက်ခဲယမ်းတွေလဲရတယ်” ဟု KIAသတင်းရင်းမြစ်ကဆိုသည်။
ခါယာဘွမ်စခန်းအောက်ခြေရှိ ရှေ့ကင်းစခန်းများကို မတ် ၇ရက်မှစတင်ကာ သိမ်းပိုက်ပြီးနောက်၊ ယနေ့တွင် အဓိကစခန်းကြီးကို သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ထို့ပြင် လိုင်ဇာမြို့အဝင်၊ လဂျားယန်းကျေးရွာမှ မာဆန်ကောင် စစ်ကောင်စီတပ်စခန်းကိုလည်း ယနေ့၊ မနက် ၉နာရီကျော်ခန့်တွင် KIA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။
အလားတူ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင်းရှိ စစ်ကောင်စီ၏ ခလရ ၄၆တပ်ရင်းအပါအဝင် ရှေ့တန်းစခန်း ၃ခုကိုလည်း ယမန်နေ့ (မတ် ၈ရက်)တွင် KIAက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ၊ စခန်းအချို့ကို သိမ်းပိုက်ထားနိုင်ပြီဟု မြေပြင်သတင်းရင်းမြစ်က ဆိုသည်။
လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းကို ယနေ့မနက်ပိုင်းမှ စတင်ကာ စစ်ကောင်စီနှင့် KIA နှစ်ဘက်လုံးက ယာယီပိတ်ထားသည့်အတွက် ခရီးသည်ယာဉ်အချို့သည် ခင်ဒူယာန်ကျေးရွာ၌ ပိတ်မနေကြောင်း ခရီးသည်တစ်ဦးက ပြောသည်။
“ မနေ့ကအထိ သွားလို့ရသေးတယ်။ ဒီမနက်ကမှပိတ်လိုက်တာ၊ ဘယ်အချိန်ထိ ပိတ်မလဲတော့ မသိဘူး” ဟု ၎င်းက ပြောသည်။
ယင်းအပြင် ယမန်နေ့က လက်နက်ချဲ့သည့် ဒေါ့ဖုန်းယန်အခြေစိုက ခလရ ၁၄၂မှ အရာရှိ၊ စစ်သား ရဲနှင့် ၎င်းတို့၏ မိသားစုဝင်များ တည်ရှိသည့်နေရာများသို့ စစ်ကောင်စီက ကင်းထောက်လေယာဉ်ဖြင့် ထောက်လှမ်းပြီးနောက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။
ကချင်ပြည်နယ်၌ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လေကြောင်းနှင့် လက်နက်ကြီးများအသုံးပြုပြီး ပစ်ခတ်မှုများပြုလုပ်သောကြောင့် ဒေသခံအချို့ သေဆုံးခဲ့မှုများရှိကာ၊ ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာသို့ စစ်ရှောင်နေရကြောင်းလည်း သိရသည်။