ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်ကို တစ်ရက်မှ မနားဘဲ တိုက်ပွဲဝင်နေကြောင်း ကျားဖြူစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၁ရက်နေ့ကစတင်ကာယနေ့အထိ ကရင်ပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ကော့ကရိတ်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
“ ဒီဇင်ဘာ ၁(၂၀၂၃ခုနှစ်)ကနေစတဲ့ ကော့ကရိတ်မြို့သိမ်းစစ်ဆင်ရေးက တိုက်ပွဲအနေနဲ့ဆိုရင် နေ့စဥ်နီးပါးထိတွေ့တယ်လို့ ပြောလို့ရတယ်။အကြိမ်အရေအတွက်နဲ့ဆို ခန့်မှန်းကြည့်လို့ရတယ်ပေါ့နော်။နေ့စဥ်နီးပါးထိတွေ့မှုက ရှိနေဆဲပါပဲ” ဟု ၎င်းက ပြောသည်။
ယနေ့အထိ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် ၃လကျော်ကြာ အတွင်း စစ်သား ၆၀ဦးကျော်သေဆုံးကာ တော်လှန်ရေးရဲဘော် ၁၅ဦး ကျဆုံးခဲ့ကြောင်းသိရသည်။
“ ကျွန်တော်တို့ကျားဖြူစစ်ကြောင်း တာဝန်ယူထားတဲ့ ကော့ကရိတ်မြို့တွင်းမှာ ကျွန်တော်တို့ကျားဖြူစစ်ကြောင်းက ၁၂ဦး၊ တခြားမဟာမိတ်တိုင်းရင်းသားတွေထဲက နဲ့ဆို ပေါင်း၁၅ဦးအကျအဆုံးရှိတယ်။ရန်သူ့ဘက်က အကျအဆုံးက ခန့်မှန်းပေါ့လေ။၆၀အထက်မှာရှိတယ်။ဒီရက်ပိုင်းအတွင်းလည်း သူတို့ကျဆုံးတာရှိတော့လေ” ဟု ၎င်းက ပြောသည်။
လက်ရှိ ကော့ကရိတ်မြို့အခြေအနေနှင့်ပတ်သက်ပြီး မြေပြင်ရှိ ရဲဘော်တစ်ဦးထံ ဆက်သွယ်မေးမြန်းရာ မြို့ဧရိယာစုစုပေါင်း၏ ရာခိုင်နှုန်း၆၀ခန့်ကို ထိန်းထားနိုင်ပြီဖြစ်ကြောင်း MPAသို့ ပြောသည်။
“ ရန်သူက ထိုးစစ်ဆင်နေတဲ့ သဘောရှိတယ်။ကော့ကရိတ်မြို့တွင်း နေရာယူထားတဲ့ရဲဘော်တွေက ပြန်လည် ဆုတ်ခွာသွားတဲ့ သဘောမရှိဘူး။လက်ရှိဖြစ်နေတဲ့ စစ်ရေးပေါ့။ရန်သူက လက်နက်ကြီး သော်လည်းကောင်း ဒရုန်းသော်လည်းကောင်း တိုက်ခိုက်မှုတွေရှိတယ်။ကျွန်တော်တို့ကလည်း တန် ပြန်ထိုးစစ်ဆင်တယ်။ သူတို့ဘက်က မြို့ပျက်စီးအောင် မီးရှို့မှုတွေရှိတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်ကို ကျားဖြူစစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များက မြေပြင်အခြေအနေကြည့်ကာ တိုက်ခိုက်လျက်ရှိပြီး ဒရုန်းတပ်ဖွဲ့များဖြင့်လည်း တိုက်ခိုက်လျက်ရှိကြောင်း MPAက စုံစမ်းသိရသည်။