လောက်ကိုင်မြို့တွင် ယခုအချိန်ထိ လူစည်ကားမှု မရှိသေးသောကြောင့် ဈေးဆိုင်များ ရပ်တည်ရန်ခက်ခဲနေကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း ဈေးဆိုင်များ ဖောက်ထွင်းလုယက်ခံခဲ့ရသောကြောင့် အရင်းပြုတ်ကာ ခက်ခက်ခဲခဲ ဆိုင်ပြန်လည်ဖွင့်လှစ်ရသလို ယခုအချိန် ဈေးအရောင်းအဝယ် မကောင်းကြောင်း လောက်ကိုင်ဆိုင်ပိုင်ရှင်အချို့ကဆိုသည်။
“ လောက်ကိုင်မှာလုပ်စားလို့မရတော့ဘူး။စစ်ဖြစ်တုန်းကလည်းပစ္စည်းတွေအများကြီးပါကုန်ပြီ။လူကလည်းအရင်လိုမစည်တော့ဘူး။လုပ်ငန်းလည်းမလည်ပတ်တော့ဘူး” ဟု လောက်ကိုင်မြို့ရှိ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကပြောသည်။
၂၀၂၃ခုနှစ်၊ နှစ်ကုန်ပိုင်းက လောက်ကိုင်မြို့တွင် တိုက်ပွဲများကြောင့် များစွာသော လောက်ကိုင်ဒေသခံတို့သည် နေရပ်စွန့်ခွာ ထွက်ပြေးကြရကြောင်း လောက်ကိုင်မြို့ဆိုင်ခန်း အားလုံး နီးပါးမှာလည်း ပစ္စည်းများ အခိုးခံရသောကြောင့် အရင်းပြုတ်ကြကြောင်း သိရသည်။
ယခုနှစ်၊ဇန်နဝါရီ၄ရက်နှင့် ၅ရက်တို့တွင် လောက်ကိုင်အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ချ အညံ့ခံခဲ့ပြီးနောက် လောက်ကိုင်မြို့ကို MNDAA က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း လောက်ကိုင်မြို့၌ လောင်းကစားရုံများ ပိတ်လိုက်ရပြီး တရုတ်များလည်းမရှိတော့သောကြောင့် ကြီးကြီးမားမားစီးပွားရေးလုပ်ငန်းများ မရှိတော့ဘဲ စျေးဆိုင်အချို့သာ ရှိတော့ကြောင်း လက်ရှိနေထိုင်နေသူ တစ်ဦးကပြောသည်။
“ အရင်လောက်ကိုင်က ကျားဖြန်လုပ်ငန်းတွေ၊တရုတ်တွေရှိလို့ လူစည်ပြီးလုပ်ငန်းတွေရှိတာ။အခုက အလုပ်မရနိုင်တော့ဘူး၊အခု ဒီမှာစီးပွားရေးမရှိဘူး။မနက်ပိုင်း မနက်စာရောင်းတဲ့ဆိုင်နဲ့ စျေးလောက်ပဲရှိတော့တာ” ဟု ၎င်းကပြောသည်။
တိုက်ပွဲများဖြစ်ပွားပြီးနောက် လောက်ကိုင်မြို့တွင် တရုတ်များလည်း မရှိ တော့ကြောင်း သိရသည်။
“ဆိုင်တွေဆိုတာက စျေးဝယ်ရှိမှ ဖွင့်လို့ရတာ။ဝယ်သူရှိမှရပ်တည်နိုင်မှာ။ အခုနယ်ခံတွေပဲ ရှိတော့ တယ်။ နယ်ခံတွေကလည်းအရင်လူတွေရဲ့ ၁၀၀မှာ ၁၀ရာ ခိုင်နှုန်းပဲရှိတော့တာ” ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
လောက်ကိုင်မြို့တွင် ဒီဇင်ဘာလလယ်မှ ဇန်နဝါရီလဆန်းပိုင်းအထိ MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများလည်း နေရပ်ပြန်သွားကြကာ ဒေသခံများသာ ဆက်လက်နေထိုင်နေကြသည်။