ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ ရေငံအုပ်စုအတွင်းနေထိုင်သည့် ဒေသခံပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီး တစ်ပတ်ကျော်ကြာသည်အထိ မိသားစုနှင့်အဆက်အသွယ် မရသေးကြောင်း စုံစမ်းသိရှိရသည်။
ရေငံကျေးရွာတွင် နေထိုင်သည့် ကိုအောင်သူဝင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ယနေ့အချိန်ထိ မိသားစုနှင့် အဆက်သွယ်မရရှိကြောင်း မိသားစုနှင့် နီးစပ်သည့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“အဲဒီနေ့ ရွာထဲလာဖမ်းပြီးတည်းက အဆက်အသွယ်ပြတ်တာ၊ ရဲစခန်းလည်းလိုက်သွားကြတယ်တဲ့၊ အဲဒီမှာမရှိဘူးလို့ ပြောလွှတ်တယ်၊ သူ့မိသားစုတွေလည်း စုံစမ်းနေတာပဲ၊ အခုထိ ဘယ်ခေါ်သွားမှန်းကို မသိရဘူး”ဟု ၎င်းက ဆိုသည်။
ကိုအောင်သူဝင်း အဖမ်းခံခဲ့ရသည့် ဖေဖော်ဝါရီ ၂၇ ရက်မှာပင် ရေငံအုပ်စု၊ ထန်းတောကျေးရွာအနီး ကိုအောင်ကိုမင်း ဆိုသူလည်း ဖမ်းဆီးခံခဲ့ရပြီး ၎င်းသည်လည်း မိသားစုနှင့်အဆက်သွယ်ပြတ်နေကြောင်း အသက် ၃၅နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ကိုအောင်ကိုမင်းက သူမိန်းမနဲ့ သူ့သမီးအဖမ်းခံလို့လိုက်သွားတာ၊ အဲဒါသူ့ဖမ်းပြီး သူ့မိသားစုတွေကိုပြန်လွှတ်လိုက်တယ်၊ နောက်အဆက်သွယ်မရတော့ဘူး။ အမှုဖွင့်တယ်လို့လည်းမကြားရဘူး။ ဘယ်မှာစစ်ကြောရေးလုပ်နေတာလဲမသိရဘူး။ တစ်ချို့ကပြောတော့လည်း သာယာဝတီ ၃၅ တပ်မှာတဲ့၊ မိသားစုတွေတော့လိုက်စုံစမ်းနေတာပဲ၊ ခုထိတော့အဆက်သွယ်မရသေးဘူး”ဟု ၎င်းကရှင်းပြသည်။
ထို့နောက် ရေငံကျေးရွာတွင်နေထိုင်သည့် ကိုဇင်ကိုဆိုသည့် လူငယ်တစ်ဦးကိုလည်း ဖေဖော်ဝါရီ ၂၉ ရက်တွင် စစ်ကောင်စီဂိတ်တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းသည်လည်း မိသားစုနှင့်အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။
“အစ်မတို့ လက်ပံတန်းတင် မဟုတ်ဘူး။ အခုနောက်ပိုင်း သာယာဝတီခရိုင်၊ မြို့နယ်တွေ အကုန်လုံးလိုလို ပြည်သူတွေ အဖမ်းခံရရင် အဆက်သွယ်တွေ ပြတ်ကုန်ကြတာ၊ ထောင်ထဲလည်းမရောက်ဘူး။ မိသားစုလည်း အကြောင်းမကြားဘူး။ စစ်ကြောရေးတွေမှာ သတ်ပစ်ခံရတယ်ကြားနေရတယ်၊ မင်းလှက ဟိုတစ်လောက အဖမ်းခံရတဲ့ အုပ်ချုပ်ရေးမှူးဟောင်းတစ်ယောက်ရယ် နောက် ၂ ကိုလည်း သတ်ပစ်လိုက်တယ်တဲ့၊ မိသားစုကဘာမှမသိရဘူး။ သူများပြောမှသိရတာ”ဟု လက်ပံတန်းမြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံရပြီး စစ်ကြောရေးတွင်သတ်ဖြတ်ခံရသည့် ဒေသခံပြည်သူ ၁၅ ဦးထက်မနည်း ရှိကြောင်းသိရသည်။