စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းရှိ စစ်မြေပြင်တစ်နေရာတွင် စစ်ကောင်စီကပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်၍ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့(ကလေး၊ ကဘော်၊ ဂန့်ဂေါ)က ယနေ့သတင်းထုတ်ပြန်သည်။
ကလေးမြောက်ပိုင်းတစ်နေရာတွင် စစ်ကောင်စီနှင့် CDF(KKG)အကြားတွင် မတ်လ ၅ ရက်က ထိတွေ့တိုက်ပွဲငယ်တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ကလေးမြို့ပေါ်စခန်းများနှင့် ကလေးမြောက်ပိုင်း၊ စစ်ကောင်စီအထိုင်ချစခန်းကြီးရွာက လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်မှုကြောင့် ရဲဘော်အား ထိမှန်သွားခြင်းဖြစ်ကြောင်း CDF(KKG)၏ ပြန်ကြားရေးတာဝန်ခံက MPA ကိုပြောသည်။
“ တိုက်ပွဲကတော့ အရမ်းကြီးမပြင်းထန်ဘူးပေါ့နော်။ ဒါပေမယ့် ရန်သူ့ဘက်က ကောင်တာပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် တပ်ရင်း(၇)က ရဲဘော်တစ်ဦးကျဆုံးတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ရဲဘော်အချို့လည်းရှိတယ်ပေါ့နော်။ လက်နက်ကြီးက မြို့ထဲကနေ ပစ်တာလည်းရှိတယ်။ စခန်းကြီးကနေပစ်တာလည်းရှိတယ်ဆိုတော့ ဘယ်ကပစ်တဲ့လက်နက်ကြီးလဲဆိုတာတော့ ကျွန်တော်တို့မသိရဘူး” ဟု ၎င်းကရှင်းပြသည်။
လက်နက်ကြီးထိမှန်ကျဆုံးသည့်ရဲဘော်မှာ အသက် ၂၆ နှစ်အရွယ် တပ်စုမှူး Suan Sian Khai(ခ)Tluanga ဖြစ်ပြီး ရဲဘော်၏ရုပ်အလောင်းကို မတ်လ ၆ ရက်တွင် ၎င်း၏မွေးရပ်မြေ၌ သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
ကလေးမြို့ပေါ်နှင့် စစ်ကောင်စီအထိုင်ချ ကလေးမြို့ပတ်ဝန်းကျင်ကျေးရွာများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ CDF(KKG) ရဲဘော် ၃ ဦးကျဆုံးခဲ့ကာ ရဲဘော် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ စစ်ရေးကတင်းမာနေတုန်းပဲ။ မနေ့ကလည်း ညကြီး စစ်ကြောင်းထိုးလာလို့ထိတွေ့တိုက်ပွဲ ဖြစ်သေးတယ်။ အထိအခိုက်တွေတော့မသိရဘူး။ ကလေးမြောက်ပိုင်းက ကံကြီး၊ ကံသာယာ၊ နန်းစောင်းပုရွာတွေက ပြည်သူတွေကတော့ အကုန်ပြေးရပြီ” ဟု ကလေးမြောက်ပိုင်းသတင်းရင်းမြစ်တစ်ဦးက MPA ကိုပြောသည်။
စစ်ကောင်စီသည် ကလေးမြို့တောင်ပိုင်းသို့ စစ်ကြောင်းထိုးနေသည့်အပြင် ကလေးမြို့ပတ်ဝန်းကျင်သို့ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်နေခြင်းကြောင့် အချိန်မရွေး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားနိုင်သည့်နေရာများသို့ သွားလာခြင်းမပြုလုပ်ရန်နှင့် ဘေးကင်းလုံခြုံသည့်နေရာတွင် နေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးပြောကြားထားသည်။