မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ၊ မကျီးတန်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၊ကမ္မ ရဲစခန်း မှ ထွက်လာသော စစ်သား ၃၀ ကျော်တို့သည် ယနေ့(မတ်လ၆ရက်)နံနက် ၉နာရီခန့်၌ ကမ္မမြို့၏ မြောက်ဘက် ၂ မိုင်ကျော်အကွာရှိ မကျီးတန်း ရွာ ကိုမီးရှို့ ခဲ့ခြင်းဖြစ်ပြီး အိမ်၂၀ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။
“ သူတို့ စစ်ကြောင်းက ဒဏ်ရာ ရတဲ့ သူတွေကို မနေ့က ညနေ က ပြန်ပို့ပြီး ခုမနက်ကျ ကမ္မ စခန်းထဲ ကျန်ခဲ့တဲ့ စစ်သားတွေ ထပ် တက်လာတာပါ ။ တက်လာရင်း မကျီးတန်း ကို မီးရှို့ သွားတာ အိမ်ခြေ ၂၀ ကျော်လောက် ပါသွားတယ် “ ဟု မြိုင် ပကဖ တပ်ရင်း- ၁၊ တပ်ခွဲ -၂ ( ဂဠုန်ပြောက်ကျားတပ်ဖွဲ့ ) တာ၀န်ခံ ရဲဘော် အကိုလေးက ပြောသည်။
ယင်းစစ်ကြောင်းသည် ပခုက္ကူမှ မတ်လ ၃ ရက်ကထွက်လာပြီး ကမ္မ မြို့မှ မြိုင်ဘက်သို့ မတ်လ ၅ ရက်တွင် ထွက်လာခြင်း ဖြစ်ကာ ပခုက္ကူမြို့နယ်၊အင်းဘတ် ကျေးရွာ ၌ တပ်စွဲ ထားကြောင်း သိရသည်။
“ ရှေ့က စစ်ကြောင်းက အင်းဘတ်မှာပါ။အ ခု မကျီးတန်းကို မီးရှို့တာက နောက်က ကမ္မကနေ ထပ်လိုက်လာတဲ့ စစ်သားတွေ ရှို့တာ ။ မနေ့က မိုင်း၂ ခါ အဆွဲ ခံရတာ အဲနားတဝိုက်မှာဆိုတော့ သူတို့ အထိနာပြီး ပတ်ရှို့တဲ့ သဘောပါပဲ” ဟု ၎င်း က ဆက်လက်ပြောသည်။
ယင်း စစ်ကြောင်းကြောင့် အင်းဘတ်ရွာနှင့် မကျီးတန်း ရွာ မှ ပြည်သူ များမှာ နီးစပ်ရာ ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
“ ဒီတခေါက် ကမ္မက မရှောင်လိုက်ရဘူး။ ကိုယ့် အိမ်ထဲ မှာ ကိုယ်ပဲ အတတ်နိုင်ဆုံး ပုန်းအောင်း နေရတယ်။အ ခုထိလည်း မြို့ထဲ အသွားအလာ မရှိသေးဘူး ။ သူတို့ နောက်ချန် ထားခဲ့လား၊ မထားခဲ့လား မသိတော့ ဘယ်သူမှ မထွက်ရဲကြဘူး “ ဟု ကမ္မ မြို့ခံ တစ်ဦးက ပြောသည်။
ယင်း စစ်ကြောင်းသည် ယနေ့ ညနေ ၄ နာရီ ၀န်းကျင်၌ အင်းဘတ် ရွာ မှ တွင်းမ ပျူစောထီး ကျေးရွာ ဘက်သို့ ဦးတည် ထွက်ခွာခဲ့ပြီး စစ်ကြောင်းနှင့် အတူ ပါလာသော ယာဉ်တန်းများ မှာမူ အင်းဘတ် ကျေးရွာ ၌သာ ရှိသေးကြောင်း သိရသည်။
စစ်တပ်သည် မြိုင်မြို့နယ်ထဲသို့ နှစ်ဘက်ညှပ်၍ စစ်ကြောင်းထိုးနေသည့်အပြင် တော်လှန်ရေးအဖွဲ့များ၏ မိုင်းဆွဲ တိုက်ခိုက်မှု ကြောင့် အထိနာသည့်အခါတိုင်း နီးစပ်ရာ ပြည်သူများအား သတ်ဖြတ်ခြင်း နှင့်ကျေးရွာများအား မီး ရှို့ ခြင်းတို့ ပြုလုပ်လျက်ရှိသောကြောင့် ပြည်သူများ အနေဖြင့် စစ်ကြောင်း သတင်းကို နားစွင့်၍ ဘေးလွတ်ရာသို့ ရှောင်တိမ်းကြရန် မြိုင် ပကဖ က သတိပေးထား သည်။