မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကမ္မမြို့၊ အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သည့် သားအမိတော်စပ်သူ အမျိုးသမီးနှစ်ဦးကို စစ်တပ်က သတ်ခဲ့ပြီး သမီးဖြစ်သူကို မုဒိမ်းကျင့်ခဲ့သည့် ဖြစ်စဉ် ယမန်နေ့ (မတ်လ ၄ ရက်)၊ ည ၁၂ နာရီခန့် တွင်ဖြစ်ပွားခဲ့ကြောင်း မြိုင်ပကဖ တာဝန်ခံ ဗိုလ်လက်ယာက MPA သို့ပြောသည်။
“ (မတ် ၄ ရက်)ညပိုင်းလောက်က အသတ်ခံရတယ်။ အလောင်းတွေကို မနေ့က (မတ်လ ၅ ရက်) ၉ နာရီလောက်က တွေ့တာ၊ သားအမိနှစ်ယောက်ပါ၊ နှစ်ယောက်လုံးကိုတော့ လည်လှီးပြီးသတ်သွားတာ၊ သမီးဖြစ်သူကိုတော့ အဓ္ဓမပြုကျင့်သွားတဲ့ပုံစံတွေ့ရတယ်။ နှစ်ယောက်လုံးကို သင်္ဂြိုဟ်ပြီးပါပြီ” ဟု မြိုင်ပကဖ တာဝံခန် ဗိုလ်လက်ယာကပြောသည်။
စစ်ကောင်စီက သတ်ဖြတ်သွားသည့် သားအမိတော်စပ်သူ အမျိုးသမီးနှစ်ဦးသည် အသက် ၈၀ အရွယ်ရှိ ဒေါ်ကြည်အောင်နှင့် အသက် ၄၆ နှစ်ရှိ မခိုင်တို့ဖြစ်ကြောင်း သိရသည်။
“ အဲ့ဒီညက စစ်ကြောင်းက ကမ္မမြို့ပေါ်မှာ နေနေတုန်းက မူးရူးနေပြီး သတ်သွားတာ၊ မနက်မှ သေနေတာကို သူတို့အိမ်မှာ တွေ့ရတာ၊ ရက်ရက်စက်စက်သတ်ထားတာ၊ ဒီနေ့ဆို ကမ္မမြို့ပေါ်မှာ ခြောက်ကပ်နေတာပဲ” ဟု မျက်မြင်သိရှိသူကို ကိုးကား၍ ကမ္မမြို့ခံတစ်ဦးက ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီကြောင့် နိုင်ငံတစ်ဝှမ်း အမျိုးသမီး ၈၀၆ ဦးအထိ သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BMU )က မတ်လ ၄ ရက်တွင် ထုတ်ပြန်ထားသည်။