ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ စစ်ရှောင်စခန်းအချို့တွင် ဆန်ပြတ်လပ်မှုများဖြစ်ပေါ်နေသဖြင့် စစ်ဘေးရှောင်ပြည်သူများ စားသောက်ရေးခက်ခဲနေကြကြောင်း ဒေသခံစစ်ရှောင်များထံက စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်မှစတင်ကာ တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သဖြင့် ဇရပ်ကြီးမြို့ပေါ်နှင့် ကျေးရွာများရှိ ဒေသခံပြည်သူအားလုံးနီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရသည်။
“တစ်လလောက်ရှိပြီဗျ စစ်ရှောင်နေရတာ၊ အလှူရှင်တွေက အရင်ခဏခဏလာတယ်၊ အခုအချိန်ကြာလာတာနဲ့အမျှ အလှူရှင်တွေကရှားလာတော့ ဆန်ကပြတ်နေပြီ၊ ချက်တဲ့နေရာတွေ သွားတောင်းရတယ်၊ ဟင်းမရှိတာ ဖြစ်သလိုစားလို့ရတယ်၊ ဆန်မရှိဘာမှ စားမရတော့ဘူး။ ရှိတဲ့ဟာလေးကလေးတွေ၊ အဖိုးအဖွားတွေမျှကျွေးနေရတယ်၊ အလှူရှင်တွေကို မျှော်နေရတာ၊ သူတို့လာလှူမှ နပ်မှန်အောင်စားရမှာ၊ မနေ့ကတော့ ပရဟိတအဖွဲ့တစ်ဖွဲ့ဆန်လာလှူသွားသေးတယ်၊ ဆန်ပြတ်နေတယ်ကြားလို့တဲ့၊ လေးငါးရက်တော့စားလို့ရမယ်ထင်တယ်”ဟု စစ်ဘေးရှောင်စခန်းတစ်ခုတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ထန်းတပင်မြို့နယ်အတွင်း စစ်ဘေးရှောင်စခန်း ၆၀ ကျော်ရှိပြီး အချို့စစ်ရှောင်စခန်းများကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ဖြတ်သန်းခွင့်မပြုသောကြောင့် အလှူရှင်များရောက်ရှိလာနိုင်ခြင်းမရှိကြောင်း အသက် ၄၀ အရွယ် စစ်ရှောင်ကူညီရေးလုပ်ကိုင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။
“ အလှူရှင်တွေကို ဂိတ်တွေကပေးမဖြတ်ကြဘူး၊ ဟိုနေ့ကလည်း လိပ်သိုဘက် အလှူရှင်တွေလာတာ ဂိတ်အဖြတ်မခံလို့ ပြန်သွားရတယ်ကြားတယ်၊ အဲဒါမျိုး အလှူရှင်တွေမရောက်တဲ့ စခန်းတွေက ပိုစိုးတာပေါ့၊ မျှတစားသောက်နေရတာ၊ ကြာလာရင် အဟာရပြတ်ပြီးကျန်းမာရေးတွေထိခိုက်လာနိုင်တယ်၊ ဆေးဝါးတွေလည်းလိုအပ်တယ်၊ နေမကောင်းတဲ့သူတွေနဲ့ကိုယ်ဝန်သည်အမျိုးသမီးတွေရောရှိတယ်”ဟု ၎င်းကရှင်းပြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၀ ရက်ကစ၍ ဇရပ်ကြီးမြို့ပေါ်သို့ပြန်လည်ရောက်ရှိလာပြီး ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေခြင်းကြောင့် နေရပ်ပြန်၍ မရနိုင်သေးကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆက်လက်ပြောသည်။
“နေ့ဘက်ထက်ညဘက်ဆိုပိုပစ်တယ်၊ အစ်မတို့လည်း အခုအလှူရှင်တွေ ရှားလာတော့ ကိုယ့်ဘာသာ နေ့ဘက်အလုပ်ထွက်လုပ်တယ်၊ ပဲနူတ်တာပေါ့၊ ညဆို အစ်မတို့ စစ်ရှောင်နေတဲ့ဘုန်းကြီးကျောင်းပြန်အိပ်တယ်၊ဟိုမှာ မအိပ်ရဲဘူး။ လက်နက်ကြီးကျမှာကြောက်တယ်၊ ရှေ့လျှောက်အလုပ်ကလည်း မရှိတော့ဘူးလေ၊အလှူရှင်တွေမလာရင်တော့ အစ်မတို့ နပ်မှန်အောင်စားရမှာမဟုတ်တော့ဘူး” ဟု ၎င်းကဆိုသည်။
မြို့ပေါ်နေပြည်သူအချို့မှာ နေအိမ်များသို့ ပြန်လည်ရောက်ရှိသွားသော်လည်း ဇရပ်ကြီးမြို့နယ်တွင် လက်ရှိအချိန်ထိ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော်ရှိနေသေးပြီး အစားစာနှင့်ဆေးဝါးများအရေးပေါ်လိုအပ်နေကြသည်။