မြန်မာနိုင်ငံ နေရာအနှံအပြားရှိ အကျဉ်းထောင်များတွင် ဖိနှိပ်မှုများ ဆက်တိုက်ဖြစ်နေပြီး နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေရသည့် လမ်းကြောင်းများ ယခင်ကဲ့သို့ မလွယ်ကူတော့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
“ ၂၀၂၃ခုနှစ်မှာလည်း များလာတယ်။ ဒီနှစ်(၂၀၂၄ခုနှစ်)အစမှာလည်း ဖိနှိပ်မှုတွေက တဖြည်းဖြည်းနဲ့ အရေအတွက်များလာတာကို တွေ့ရတယ်။ တစ်ဘက်မှာလည်း ဒီလို အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနိုင်တဲ့ လမ်းကြောင်းတွေကလည်း အရင်တုန်းကလောက် မလွယ်တော့ဘူး။ ထောင်ဝင်စာ ဧည့်တွေ့ခွင့်ရဖို့၊ ပါဆယ်ပို့ဖို့ဆိုရင် မိသားစုဝင် မဟုတ်ရင် တွေ့ခွင့်မရတဲ့အတွက် နယ်ဝေးက နိုင်ကျဉ်း မိသားစုဝင်တွေအတွက် အခက်အခဲဖြစ်နေတာကို တွေ့ရတယ်” ဟု ကိုသိုက်ထွန်းဦးက ပြောသည်။
ထို့ပြင် နိုင်ငံရေးမိသားစုဝင်များသည် စစ်ဘေးရှောင်နေရသည့် နေရာများတွင်ရှိနေခြင်း၊ မိသားစုဝင်များ၊ မြို့ပြတွင် အဖမ်းခံခဲ့ရသည့်အတွက် ထောင်ဝင်စာမပို့နိုင်ခြင်းများလည်းရှိနေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ အခုဆိုရင် စစ်ကောင်စီတပ်ရဲ့ လုပ်ရက်က နိုင်ကျဉ်းတွေကို ထောင်တစ်ခုထဲမှာ ကြာရှည် မထားဘဲ မိသားစုနဲ့ဝေးတဲ့ ဆီကို ပြောင်းရွှေ့လိုက်ကြတယ်။ ထောင်ဝင်စာ ပါဆယ် သွားပို့ရတဲ့အခါ လမ်းခရီးစရိတ်က တစ်သိန်းအနည်းဆုံးကုန်တယ်။ ၅သောင်းဖိုး ပါဆယ်ပို့မယ်ဆိုရင်တောင် လမ်းစရိတ်က ပိုဈေးကြီးနေတယ်။ တစ်လတစ်ကြိမ် မပို့နိုင်တဲ့ အခက်တွေ ကြုံနေရပါတယ်” ဟု ထောင်ဝင်စာ ပို့နေသူတစ်ဦးက ပြောသည်။
“ ကျမက ထောင်ကနေ လွတ်လာပြီးကတည်းက အထဲမှာ ရှိနေတဲ့ နိုင်ကျဉ်းတွေအတွက် ကူညီနိုင်ဖို့ လုပ်နေပါတယ်။ ထောင်ဝင်စာ ပါဆယ်ကိစ္စရော၊ ကျန်းမာရေးကိစ္စတွေရောပေါ့နော်၊ အခုလက်ရှိက နိုင်ကျဉ်းတစ်ယောက်ကို ကူညီဖို့ ၅သောင်းလောက်ရဖို့ ဆယ်ယောက်လောက်စုရတယ်။ အထွေထွေအကျပ်အတည်းကာလဆိုတော့ ပြည်သူတွေကလည်း မလွယ်တော့ဘူးလေ၊ အခုဆိုရင် နိုင်ကျဉ်းတွေကို ကူညီဖို့ ကျမကိုယ်တိုင် ဈေးရောင်းပြီး ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီနေရပါတယ်” ဟု နိုင်ငံရေး အကျဉ်းသူများအဖွဲ့မှ မဇူးဇူးမေယွန်းက ပြောသည်။
လက်ရှိ နိုင်ငံရေးအကျဉ်းသားများအတွက် တစ်ဦးလျှင် ကျပ်ငါးသောင်းနှုန်းဖြင့် ကူညီပေးနေသော်လည်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက် ကူညီပေးနေသည့် လူငယ်များ ရှောင်တိမ်းနေရသည့်အတွက် ကူညီထောက်ပံ့မှုများ နည်းပါးလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ စစ်မှုထမ်း ဥပဒေပေါ်လာပြီးတော့ မြေပြင်မှာ တကယ် အလုပ်လုပ်နိုင်မယ့် လူငယ်တွေက ရှောင်တိမ်းနေကြရပါတယ်။ ကျတော်တို့ ကူညီထောက်ပံ့ပေးနိုင်မှုတွေက အင်မတန် နည်းသွားတယ်။ ပြီးတော့ ပို့ဆောင်ရတဲ့ လမ်းစရိတ်တွေအတွက် ကူညီရတဲ့ ငွေကြေးကလည်းနည်းလာတယ်။အကူအညီတောင်းခံသူ အားလုံးကို ချက်ချင်း မကူညီနိုင်တော့တာမျိုးတွေ ဖြစ်နေပါတယ် ဟု” ၎င်းက ပြောသည်။
မြန်မာနိုင်ငံရှိ ပြည်သူများသည် ကုန်ဈေးနှုန်းကြီးမြင့်နေသည့် ကိစ္စများအပါအဝင် အခြားအကြောင်းအရာများကြောင့် အထွေထွေအကျပ်အတည်း ဖြစ်ပေါ်နေသည့်အတွက် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများကို ကူညီနိုင်ရန် နိုင်ငံတကာနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ကူညီပေးစေလိုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်က မေတ္တာရပ်ခံထားသည်။