စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ စစ်ကိုင်းဘက်သို့ ညဘက် ထွက်လာသော သံပြားကာ စစ်ကား ၁စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား၅ဦးသေဆုံးကြောင်း သိရသည်။
မတ်လ၄ရက်၊ည၉နာရီခွဲခန့်တွင် စစ်သား ၃၀ခန့် လိုက်ပါလာသော ကားကို မြင်းမူမြို့နယ်၊ထီး ဆောင်းရွာနှင့် စစ်ကိုင်းမြို့နယ်၊ညောင်ပင်ဝန်းကြား မုံရွာ – မန္တလေးလမ်းပေါ်၌ ပဒေသာမိုင်းပွိုင့် ၂ ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး စစ်သား ၅ဦးလည်း ဒဏ်ရာရခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း – ၇(Zero ပြောက်ကျားတပ်ဖွဲ့)ထံက သိရသည်။
” တပ်အင်အား ၃၀ ပါလာတဲ့ သံပြာကာကားပါ။ သွားသွားလာလာလုပ်နေကြတာ မြင်းမူနှင့် မုံရွာကို ကူးသန်းနေတဲ့ကားကို သတင်းရလို့ အပိုင် ကြိုတင်ပြင်ဆင်တိုက်ခိုက်ခဲ့ကြတာပါ” ဟု မြင်းခြံခရိုင် တပ်ရင်း – ၇(Zero ပြောက်ကျားတပ်ဖွဲ့) ခေါင်းဆောင် ဗိုလ်ဇီးရိုးက ပြောသည်။
မိုင်းဆွဲခံရပြီးနောက် စစ်သားများက လက်နက်ကြီး၊လက်နက်ငယ်ဖြင့် ဆက်တိုက်ပစ်ခတ်နေ သော ကြောင့် သေဆုံးနှင့် ဒဏ်ရာရစစ်သားများကို မည်သည့်နေရာသို့ သယ်ဆောင်သွားသလဲ မသိကြောင်း ၎င်းကဆိုသည်။
” ဖြစ်ဖြစ်ချင်းမှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်နေ တာ။ဆူညံနေတာပဲ။ပစ်တာကတော့ တည်နေရာအတိအကျနဲ့ ပစ်နေတာမဟုတ်ဘူး။ PDF တွေရှိ မယ်ထင်တဲ့နေရာကို ရမ်းပစ်နေတယ်။ အထိအခိုက်တော့မကြားမိဘူး။ ပစ်တာကလည်း လမ်းပေါ် ကိုပစ်တာ” ဟု ထီးဆောင်းဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်၊တပ်ရင်း(၂)၊ခွဲ(၂) – KDDF နှင့်မြင်းခြံခရိုင်၊တပ်ရင်း-၇ (Zero ပြောက်ကျားတပ်ဖွဲ့ )တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။