ရန်ကုန်မြို့တွင် ကင်းလှည့်နေသည့် စစ်ကားကို အမှတ်မထင်ကြည့်မိသူပါမချန် ဖမ်းဆီး ငွေညှစ်နေသဖြင့် ပြည်သူတို့ သတိရှိကြရန် စမ်းချာင်းပင်မသပိတ်စစ်ကြောင်းဥက္ကဌက ပြောကြားလိုက်သည်။
ဖေဖော်ဝါရီ ၁၁ရက်နေ့က ရန်ကုန်မြို့၊တာမွေမြို့နယ်၊ တာမွေဈေးမှတ်တိုင်တွင် ပတ်ကင်းထွက်လာသည့် စစ်ကားကို ကြည့်ရှုမိသည့် လူငယ်တစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းဥက္ကဌ ကိုပီတာက ပြောသည်။
“ သူက တာမွေဈေးမှတ်တိုင်မှာ သူ့ဟာသူမတ်တပ်ရပ်နေတာပါ။အဲ့အချိန် မင်္ဂလာတောင်ညွန့်ဘက်ကနေ ထွက်လာတဲ့ ပတ်ကင်းကားကို သူငေးလိုက်တာပေါ့။အဲ့ဒါကို ကားပေါ်ကစစ်သားတစ်ကောင်က တွေ့သွားပြီး စစ်ကားကို ရပ်ပြီးဆင်းဖမ်းတာပေါ့။ဆဲတာလည်း မွှန်ထူနေတာပဲ” ဟု ၎င်းက ပြောသည်။
ယင်း လူငယ်ကို စစ်ကောင်စီတပ်က တစ်ရက်တာ ဖမ်းဆီးပြီးနောက် ကျပ် ၈၀၀၀၀တောင်းယူကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ ည၇နာရီလောက်မှာ ဖမ်းပြီး စစ်ကားပေါ်တင်သွားတယ်။နာရီဝက်လောက်သူတို့နဲ့ကင်းပတ်လိုက်ရတယ်။ပြီးတော့ ဖုန်းစစ်တယ်။ဘယ်ကလဲ၊ ဘာလို့ကြည့်တာလဲ ဆဲပြီးမေးတယ်။ပြီးတော့ စစ်သား ၁၄ယောက်စလုံးကို သေချာကြည့်ခိုင်းတယ်။အဲ့နေ့က ပြန်လွတ်ချင်ရင် ၅သိန်းပေးဆိုပြီးတောင်းတယ်။မပေးတော့ တာမွေစခန်းကို ခေါ်သွားပြီး တစ်ညအိပ်ခိုင်းတယ်။ပြီးမှ ၁သိန်းထပ်တောင်းတယ်။၈သောင်းနဲ့တည့်သွားတာပေါ့။သူက တော်လှန်ရေးသမားလည်းမဟုတ်ဘူး။အသက် ၂၀ကျော် ပြည်သူတစ်ယောက်ပါ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်သည် ဖေဖေါ်ဝါရီလအတွင်းက ရန်ကုန်မြို့၌ လူငယ်အများအပြားရှိသည့် ဘောလုံးကွင်း၊သင်တန်းကျောင်းနှင့်ဆောက်လုပ်စတိုက်တို့အပြင် ဘာသာရေးအဆောက်အအုံများကိုပါ ရှောင်တခင်ဧည့်စာရင်းစစ်ဆေးလျက်ရှိကြောင်း စမ်းချောင်းPDF ရဲဘော် Black Iceကပြောသည်။
“ ဖေဖော်ဝါရီလထဲမှာပဲ ဧည့်စာရင်းစစ်တာနဲ့ အကြောင်းပြချက်မရှိဘဲ အဖမ်းခံရတဲ့လူငယ် ၂၀၀နီးပါးရှိတယ်။အဲ့ထဲမှာ အယောက်၉၀လောက်က ငွေပေးပြီး ပြန်လွတ်လာတယ်။ထူးခြားဖြစ်စဉ်တွေအနေနဲ့က ခရစ်ယာန်ဘုရားကျောင်းတွေ၊ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေ ဘကကျောင်းတွေကိုပါ ဧည့်စာရင်းစစ်တယ်။ပြီးရင် ဧည့်စာရင်းမတိုင်လို့ဆိုပြီး ဖမ်းတယ်။ပြီးရင် ဆောက်လက်စတိုက်တွေကိုပါ စစ်လာတယ်။ဘယ်သူတွေနေနေလဲဆိုပြီးပေါ့” ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၁၂ရက်နေ့က မရမ်းကုန်း ၁ရပ်ကွက် ၊ စျေးဘူတာအနီးတွင် စစ်ကောင်စီတပ်က “ ၁၈နှစ်ပြည့်ရင်မတ်တပ်ရပ်” ဟုဆိုကာ လူငယ် ၁၅ဦးထက်မနည်းကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ကြောင်း MPAက စုံစမ်းသိရသည်။