တနင်္သာရီတိုင်း၊ လောင်းလုံမြို့သို့ ဆန်နှင့် စက်သုံးဆီ သယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်ထားကြောင်း လောင်းလုံမြို့နယ် ပကဖနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မတ် ၁ရက်မှ စတင်ကာ ထားဝယ်မြို့နှင့် လောင်းလုံမြို့နယ်သို့ ဆက်သွယ်ထားသည့် ကမြောကင်းတံထားရှိ စစ်ကောင်စီဂိတ်မှ ဆန်နှင့် စက်သုံးဆီများကို လောင်းလုံမြို့အတွင်းသို့ သယ်ယူခွင့်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ဆန်အဝင်ပိတ်တာက ၃ပတ်လောက်ရှိပြီ၊ ဒါပေမဲ့ အရင်ကနည်းနည်းပါးပါးရသေးတယ်။ အခုတော့ လုံး၀ပိတ်ချလိုက်တာ၊ စက်သုံးဆီမရတာကတော့ သုံးရက်ပဲရှိသေးတယ်။ အရင်က ကမြောကင်းတံတားကနေ သယ်ယူနေတာ၊ အခုအဲ့ဒီကနေ ပိတ်လိုက်တာ” ဟု ၎င်းကပြောသည်။
လောင်းလုံမြို့နယ်အတွင်းမှ ထွက်ရှိသည့် ဆန်များကို ထားဝယ်မြို့သို့ ရောင်းချခွင့်ပြုသော်လည်း အခြားမြို့နယ်များမှ လောင်းလုံမြို့အတွင်းသို့ တင်သွင်သည့် ဆန်နှင့်စက်သုံးဆီများကို စစ်ကောင်စီ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
“ အရင်က တစ်နေ့ကို ဆန်အိတ် ၈၀၀နဲ့ ၁၅၀၀ ကြား မြို့တွင်းကို သယ်ယူမှုရှိတယ်။ အခုကလုံးလုံးပိတ်လိုက်တာ စစ်တပ်က ဖြတ်လေးဖြတ်လုပ်နေတဲ့သဘောပေါ့” ဟု လောင်းလုံမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ဆက်လက်ရှင်းပြသည်။
စစ်ကောင်စီက ယခုကဲ့သို့ လောင်းလုံမြို့အတွင်း ဆန်နှင့် စက်သုံးဆီတင်သွင်းခွင့်ပိတ်ခဲ့သောကြောင့် ဆန် ၁၂ပြည်တစ်အိတ်လျှင် ကျပ် ခုနှစ်သောင်းခွဲအထိ ပေါက်စျေးရှိနေပြီး၊ ပိုက်ဆံပေးဝယ်၍ မရသည့်အဖြစ်သို့ရောက်ရှိနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ ဒေသတွင်းမှာထွက်တဲ့ဆန်တွေကို စုထားတဲ့သူတွေရှိတယ်။ ပိုက်ဆ့ပေးဝယ်မရလို့ ချေးငှားနေရာတွေလည်းရှိတယ်။ ခက်ခဲမှုတွေဖြစ်နေပြီလေ၊ ဆန်အိတ်တစ်ပိုင်းတောင် ကမြောကင်းဂိတ်က သယ်ခွင့်မပေးဘူး။ စက်သုံးဆီလည်း ဒီအတိုင်းပဲ၊ စျေးတက်ရောင်းတဲ့ဆိုင်လည်းရောင်းတယ်။ ပုံမှန်ရောင်းပေးတဲ့ဆိုင်လည်းရောင်းပေးတယ်။ စက်သုံးဆီ တစ်လီတာကို ငါးထောင်၊ ခြောက်ထောင်လောက်ဖြစ်နေတာ” ဟု ၎င်းက ပြောသည်။
မြန်မာစစ်တပ်သည် ဖြတ်လေးဖြတ် စနစ်ကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် ၁၉၇၀ ခုနှစ်ထဲက ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ စစ်ဆင်ရေးဖော်ဆောင်မည့်ဒေသ၌ ရိက္ခာ၊ ငွေကြေး၊ သတင်းနှင့် တပ်သားသစ်စုဆောင်းရေးများကို ဖြတ်တောက်ခြင်းဖြစ်ကာ၊ လက်ရှိအချိန်ထိ ယင်းစနစ်ကို ကျင့်သုံးနေခြင်းကြောင့် ပြည်သူများ ဒုက္ခမျိုးစုံကြုံတွေ့ရလျက်ရှိသည်။