မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ စစ်ကောင်စီတပ်အထိုင်ကျေးရွာတစ်ရွာဖြစ်သည့် အုန်းတော (မြောက်)ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လ ၂ ရက်၊ မွန်းလွဲ ၂ နာရီခန့်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ အုန်းတောရွာက တောင်နဲ့မြောက်ဆိုပြီး ၂ ရွာရှိတယ်။ အခုရှို့ခံရတာက မြောက်ရွာ။ တနေ့က နေ့လည် ၂နာရီလောက်စရှို့တာ။ မီးခိုးလုံးတွေ တက်လာတာမြင်ရတယ်။ ဘာလို့ရှို့လဲတော့ သေချာမပြောတတ်ဘူး။ အဲဒီရွာက စစ်တပ်အထိုင်ချထားတာ။ ပြည်သူတွေမနေကြဘူးဗျ” ဟု ပေါက်မြို့နယ်ပကဖ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက MPA ကိုပြောသည်။
ယင်းအုန်းတော(မြောက်)ကျေးရွာသည် ပေါက် – ပခုက္ကူကားလမ်းပေါ်တွင် တည်ရှိပြီး ပြီးခဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃ ရက်မှစတင်၍ ပခုက္ကူတပ်မ ၁၀၁ နှင့် ပေါက်ကပစ ၂၄ မှ စစ်ကောင်စီတပ်သားများက အထိုင်ချတပ်စွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ ပေါက် ပခုက္ကူ ယောချောင်းတံတားရှိတယ်လေ ။ အမှတ် ၁ အုန်းတောတံတားပေါ့။ အဲဒီနားမှာ အရင်က ကာကွယ်ရေးအဖွဲ့လှုပ်ရှားနေတော့ စစ်ကောင်စီတပ်က အထိုင်ချသွားတာပါ။ တောင်ရွာရော မြောက်ရွာကပါ ပြည်သူတွေ နေရပ်မပြန်နိုင်တာ တော်တော်ကြာပြီ “ ဟု ၎င်းကဆိုသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏ လယ်ယာများကိုပင် လုပ်ကိုင်ခွင့်မရတော့ဘဲ နေရပ်စွန့်ခွာထွက်ပြေးနေကြရကြောင်း စစ်ဘေးရှောင်ပြည်သူတစ်ဦးကဆက်လက်ပြောသည်။
“ စပြေးရတော့ လယ်သိမ်းချိန်ကြီး။ သူတို့အထိုင်ချပြီးတော့ ရွာနားပြန်ကပ်ပြီး သိမ်းဖို့ကြိုးစားသေးတယ်။ ရွာထဲက လက်နက်ကြီးနဲ့ လှမ်းထုလို့ပြေးလာရတာ။ နောက်ပိုင်း မသွားရဲတော့ဘူးဗျ “ ဟု ၎င်းကဆိုသည်။
အဆိုပါကျေးရွာက ဒေသခံပြည်သူများသည် ရေရှိသည့် ဘေးလွတ်ရာ တောတိုက် ( လယ်ခင်း၊ ယာခင်းထဲရှိတဲ)များတွင် နေထိုင်နေကြရပြီး စားဝတ်နေရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနေကြောင်း ပေါက်မြို့နယ်လူစာနာတာဝန်ခံက ပြောသည်။
“ သူတို့လည်း အရင်ကစုဆောင်းထားတာလေးတွေရှိမယ်။ ကျွန်တော်တို့လဲ နိုင်သလောက် ကူညီပေးနေတာရှိတယ်။ မြို့နယ်ပအဖတို့ လူစာနာရယ် ၊ နောက်ပြီး တခြားအရပ်ဖက်အဖွဲ့အစည်းတွေကနေ ကူညီပေးနေပါတယ်” ဟု ၎င်းကဆိုသည်။
ပေါက်မြို့နယ်၊ အုန်းတော(မြောက်)ရွာသည် စစ်ကောင်စီအထိုင်ချရွာဖြစ်သော်လည်း စစ်တပ်က မကြာခဏမီးပြန်ရှို့လေ့ရှိပြီး ယခင်မီးရှို့မှုများတွင် နေအိမ် ၈၇ လုံးအထိ မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။