ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်ရှိ တာမခံကျေးရွာကို ယနေ့ (မတ်လ ၃ ရက်)၊ မနက် ၈ နာရီခွဲမှစ၍ စစ်ကောင်စီတပ်များနှင့် စစ်ကောင်စီလက်အောက်ခံ (SNA) တပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။
“ မနက်ကတည်းက မီးရှို့ခံရတာပါ။ တာမခံရွာရဲ့ တစ်ဝက်လောက်ပါနေပါပြီ၊ ရပ်ကွက် ၁၊ ၃၊ ၄ လောင်နေပါတယ်။ SNA တွေနဲ့ စစ်တပ်ရှို့တာ၊ အိမ်ခြေ ၆၀ လောက်ပါသွားပြီ၊ ရွာဘုန်းကြီးကျောင်း အနောက်ဘက်တကြောလည်း ကုန်ပြီ၊ မီးကငြိမ်းသွားလိုက်၊ ငြိမ်းရင် ထပ်ရှို့လိုက်နဲ့ မနက်က ကသိုဏ်းတောင်ဘက်ကနေလည်း စစ်တပ်က စစ်ကြောင်းထိုးလာတယ်၊ SNA တွေလည်း ပါတယ်” ဟု တာမခံကျေးရွာသားတစ်ဦးက MPA သို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်တွင် စတင်ခဲ့သည့် တာမခံစခန်းသိမ်းတိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က တာမခံကျေးရွာရှိ ရဲစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး တာမခံကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ ခမရ ၁၁၉ စခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
“ အခုသတင်းကြားတာကလည်း ရွာထဲမှာ SNA တွေနဲ့ စစ်တပ်တွေ ရောက်နေတယ်လို့ ကြားရတယ်။ တိုက်ပွဲဖြစ်တဲ့ရက်ကတည်းက ရွာပေါ်ကို လေယာဥ်နဲ့ဗုံးချတယ်၊ စက်သေနတ်နဲ့ ပစ်တယ်၊ ခမရ ၁၁၉ သိမ်းနိုင်ရင် ဖားကန့်ကို ဝင်လို့ရပြီ” ဟု စစ်ရှောင်နေသည့် ဒေသခံတစ်ဦးက ဆိုသည်။
တာမခံကျေးရွာအနီးဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တာမခံ၊ ဟောင်ပါးနှင့် နန့်ရေတောင်ကျေးရွာ အနီးတဝိုက်တွင် နေထိုင်သည့် ပြည်သူများမှာ စစ်ရှောင်လျက်ရှိပြီး၊ စစ်ကောင်စီတပ်၏ ပစ်ခက်မှုများကြောင့် ဖေဖော်ဝါရီ ၂၇ ရက်တွင် မော်ဝမ်းရပ်ကွက်မှ အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။