စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းရှိ ထိုမာကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီစစ်ကြောင်းသည် မတ်လ ၂ ရက်၊ နံနက်ပိုင်းက စစ်ကြောင်းထိုးရန်ထွက်လာစဉ် ဒေသကာကွယ်ရေးတပ်များဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က အထိနာလာသဖြင့် ထိုမာကျေးရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
“ ထိုမာမှာတပ်စွဲထားတဲ့စစ်ကြောင်းက မနေ့ကမနက် ၉ နာရီလောက်မှာ သာယာကုန်းဘက်ကိုထွက်လာတော့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာပါ။ အဲ့ဒီမှာကျွန်တော်တို့ ဒရုန်းနဲ့ချတာက ၇ ကောင်လောက်ရတယ်။ ကျန်တဲ့အထိအခိုက်တွေလည်း များမှာ။ ၁၀ ကောင်လောက်တော့ ကျမယ်ဗျ။ အတိအကျတော့ ကျွန်တော်တို့လည်းမသိရသေးဘူး။ သူတို့(စကစ)အဲ့ဒါကြောင့် ထိုမာကိုပြန်ဆုတ်သွားကြတာ။ ကျွန်တော်တို့ဘက်ကလည်း ဒဏ်ရာရတာတော့ရှိတယ်။ စိုးတော့မစိုးရိမ်ရပါဘူး” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က MPA ကိုပြောသည်။
အဆိုပါစစ်ကြောင်းသည် ကလေးမြို့မှ ဖေဖော်ဝါရီ ၂၈ ရက်တွင် ထွက်ခွာလာသော အင်အား ၂၀၀ ခန့်ပါသည့် စစ်ကြောင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲဖြစ်စဥ်အတွင်း ကလေးမြို့စစ်ကောင်စီတပ်က (၁၂၀)မမ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သဖြင့် သာယာကုန်းရွာရှိနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ၎င်းကရှင်းပြသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက်ညနေပိုင်းတွင် ကလေးမြို့စစ်ကောင်စီတပ်အတွင်းမှ ထိုမာကျေးရွာသို့ ကား ၆ စီးဖြင့်ရောက်ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသွားသည့် စစ်ကောင်စီတပ်သားများကို ကလေးမြို့သို့ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုမာကျေးရွာအတွင်းတပ်စွဲကာ ဆန်၊ ဆီ၊ စပါး စားနပ်ရိက္ခာများနှင့် ပြည်သူပိုင်ပစ္စည်းများကိုခိုးယူကာ နေ့စဥ်ကားများဖြင့် ကလေးမြို့သို့သယ်ဆောင်လျက်ရှိကြောင်း ထိုမာရွာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ ရွာထဲကလူတွေအကုန်ထွက်ခိုင်းပြီးတော့ ကားတွေနဲ့ပစ္စည်းတွေသယ်ထုတ်နေတာ။ ခေါက်ပြန်သယ်နေကြတာ။ စပါးတွေကိုတော့ ကလေးမြို့အဖွဲ့စက်ဂိတ်က ဂိုဒေါင်တွေထဲကို သယ်သွားကြတယ်လို့သိရတယ်။ တချို့အိမ်တွေလည်း ဖျက်ဆီးနေကြတယ်လို့သိရတယ်” ဟု ၎င်းကဆိုသည်။
ကလေးမြို့တဝိုက်တွင် ဖေဖော်ဝါရီ ၂၁ ရက်ကစတင်၍ စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး ကလေးမြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများက ဒေသခံသောင်းနဲ့ချီ၍ ဘေးလွတ်ရသို့ ရှောင်တိမ်းနေကြရကြောင်း စုံစမ်းသိရှိရသည်။