ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းကျေးရွာ ဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်လာပို့သည့် အဘိုးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယနေ့(မတ်၂ရက်)နံနက် ၄ နာရီခွဲဝန်းကျင်တွင် ကြို့ပင်ကောက်မြို့နယ်၊ရုံချောင်းကျေးရွာရှိ ကံရတနာ ဘုန်းကြီးကျောင်းကို အာရုံဆွမ်းပို့ရန်လာသည့် အသက် ၇၀ ဝန်းကျင်ရှိ ဦးတင်ငွေ အား စစ်သားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့ထံကသိရသည်။
“စစ်သားတွေက မနေ့(မတ်လ၊၁ရက်)က ညနေ ၆ နာရီလောက်မှာ ကံရတနာကျောင်းကို တပ်လာစွဲတာ။ဘုန်းကြီးက မနက်ဆွမ်းလာပို့သူတွေရှိတယ်လို့ပြောတာလည်းမရဘူး တပ်စွဲတာပဲ။မနက်အစောကြီးမှာ သေနတ်သံ ၂ ချက်ကြားလိုက်ရတယ်။ကြည့်လိုက်တော့ ဦးတင်ငွေ သွေးအိုင်ထဲမှာလဲနေတာ။ဘုန်းကြီးက ဒကာကြီးတို့ ဘယ်လိုလုပ်လိုက်တာလဲလို့မေးတော့ အဲ့က စစ်ဗိုလ်က ဖြစ်ပြီးမှ မတတ်နိုင်တော့ဘူးလို့ပြောတယ်”ဟု ရုံးချောင်းရွာခံ တစ်ဦးကပြောသည်။
ဒဏ်ရာရရှိသည့် ဦးတင်ငွေကို ရွှေတောင်မြို့နယ်၊ကုတင် ၁၀၀ စစ်ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“အသက်အန္တရာယ်စိုးရိမ်ရတယ်။ကျည်ထိတာက ပေါင်ကိုထိတာ။၂ချက်။သွေးထွက်လွန်နေတယ်။ရွာလူကြီး(အုပ်ချုပ်ရေးမှူး)က ရွှေတောင်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံကို ပို့လိုက်တယ်။အခြေအနေတော့ မကောင်ဘူးလို့ကြားတယ်။သွေးပေါင်တွေလည်း တအားကျနေတယ်။အကယ်၍ ရှင်ရင်တောင်မှ ခြေထောက်ဖြတ်ရမယ်လို့ကြားတယ်”ဟု ကြို့ပင်ကောက်မြို့ခံတစ်ဦး ကပြောသည်။
ယင်းစစ်တပ်သည် မတ်လ ၁ ရက်၊ ညနေ ၆ ဝန်းကျင်တွင် ရုံးချောင်းရွာဘုန်းကြီးကျောင်း၌ လာရောက်တပ်စွဲပြီး ယနေ့နံနက်၇ နာရီဝန်းကျင်တွင် ရွာမှ ပြန်လည်ထွက် ခွာ သွားကြောင်းသိရသည်။