စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရွှေဘို – အင်းတော် – မြစ်ကြီးနားလမ်းပိုင်း၊ ကောလင်းမြို့၊ ခံသာတိုက်နယ်၊ ငါးကြီးအိုင်ကျေးရွာကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၉ ရက်)၊နေ့လယ် ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်က မီးရှို့ပြီးနောက် ပြည်သူ သုံးဦးကို သတ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ငါးကြီးအိုင်ကျေးရွာကို မီးရှို့ခဲ့သည့် စစ်ကြောင်းသည် ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာမှ ကောလင်းမြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျောက်တန်းကျေးရွာ၊ သစ်ဖုလဘုရားကုန်းသို့ စစ်ကူလာတဲ့စစ်ကြောင်းဖြစ်ပြီး၊ အင်အား ၂၀၀ ခန့် ပါရှိကြောင်း သိရသည်။
“ မနေ့က ရွာကို မီးရှို့သွားတယ်လို့ သိရပါတယ်။ အသတ်ခံရတာက ငါးကြီးအိုင်ရွာသားတွေမဟုတ်ဘူး၊ အလုပ်လာလုပ်တဲ့ တခြားကဒေသခံသုံးဦး အသတ်ခံရတာပါ၊ စစ်ကြောင်းအခြေအနေကြောင့် ဘယ်သူတွေဆိုတာ မသိရသေးဘူး” ဟု ကောလင်းဒေသခံတစ်ဦးက MPA သို့ ပြောသည်။
“ သစ်ဖုလကုန်းနဲ့ ကျောက်တန်းရွာကနေ လက်နက်ကြီးတွေနဲ့ပစ်ကူပြီး ကိုးတောင့်ဘို့က စစ်ကြောင်းနဲ့ ပေါင်းပြီး ရှို့တာ၊ ရွာပေါင်း ၃၀ ခန့်က စစ်ရှောင်ဦးရေ ၃၀၀၀၀ ကျော်တော့ ရှိတယ်ဗျ၊ တချို့လည်း အသိမိတ်ဆွေရှိတဲ့ မြို့တွေပေါ် သွားကြတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ထို့ပြင် ယနေ့ ( မတ်လ ၁ ရက်)၊ ညနေ ၄ နာရီတွင်လည်း သစ်ဖုလှဘုရားကုန်းမှ စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းသုံးကြောင်းခွဲ၍ ကျောက်တန်းရွာအား မီးရှို့နေကြောင်း ကောလင်းသတင်းများကို ဖော်ပြနေသည့် Kawlin Revolution – KR ထံမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ကောလင်းမြို့နယ်၊ ကျောက်တန်းကျေးရွာအနီး၊ ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းရှိ၊ သစ်ဖုလဘုရားကုန်းတွင် ၂ နှစ်ကျော်ကြာ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၆ ရက်တွင် စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းပြီး တိုက်ခိုက်နေသောကြောင့် လက်ရှိတွင် စစ်ရေးတင်းမာလျက်ရှိကြောင်း Kawlin People Defence Force – KLPDF မှ ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ များမှ ကောလင်းမြို့အရှေ့ခြမ်း၊ သစ်ဖုလဘုရားကုန်းကို ထိုးစစ်ဆင်လျက်ရှိပြီး၊ ကောလင်းမြို့အနောက်ဘက်ရှိ ပင်လည်ဘူးမြို့ကိုလည်း မြို့သိမ်းတိုက်ပွဲဖော်ဆောင်လျက်ရှိရာ၊ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိနေသည်။
“ စစ်တပ်က ဗုံးကြဲတော့ မြို့ပေါ်ရပ်ကွက်အကုန်ပါသွားတယ်။ ကျွန်းလှခုံရွာ၊ ခွင့်တောင်းရွာ၊ လက်ပံကွေ့ရွာ၊ ကျူတောရွာ၊ ရွာမရွာ၊ ဆိုင်ဒူးရွာနဲ့ မြို့အနောက်ဘက် အဲ့ဒီအနီးအနားက ရွာတွေရောပဲ၊ အခုလည်း ထပ်ရှို့ခံနေကြရတယ်။ ကျမတို့လည်း စစ်ရှောင်နေကြရတယ်” ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
ယမန်နှစ် နိုဝင်ဘာ ၆ ရက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နှင့် မဟာမိတ်တပ်ဖွဲ့များက ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် စစ်ကောင်စီတပ်မှ ပြန်လည်၍ ထိန်းချုပ်ခဲ့သည်။