ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်အပိုင်၊ ပဲခူးရိုးမအတွင်း သစ်ကုန်သည်များက သစ်များကို တရားမဝင် အလွန်အကျွံထုတ်လုပ်နေခြင်းကြောင့် သစ်ထုတ်လုပ်ခွင့် ပိတ်ပင်လိုက်ကြောင်း နတ်တလင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖေါ်ဝါရီ ၂၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
NLD အစိုးရလက်ထက်က ပဲခူးရိုးမအတွင်း သစ်ထုတ်လုပ်ခွင့်ကို ၁၀ နှစ် ပိတ်ပင်ထားခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ရိုးမအတွင်း တရားမဝင်သစ်ထုတ်လုပ်ခွင့်များ တွင်ကျယ်စွာပြုလုပ်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အရင် အရပ်သားအစိုးရ လက်ထက်မတိုင်ခင်ထဲက စစ်တပ်နဲ့ သူ့တို့ခရိုနီအပေါင်းပါတွေ သစ်တောမှန်သမျှကို လုပ်ချင်းတိုင် လုပ်နေတာ၊ အခု စကစ (စစ်ကောင်စီ) အာဏာသိမ်းတော့ သစ်တောပြုန်းတီးမှုက ပိုသိသာတယ်၊ တစ်နိုင်ငံလုံးအနေထားနဲ့ဆို ပိုဆိုးတာပေါ့၊ အခုကျွန်တော်တို့ သတိပေးစာထုတ်ပြီးပြီ၊ ဒါမှ လာခိုးထုတ်တဲ့သူမိရင်တော့ ဝန်ကြီးဌာနတွေကချမှတ်ထားတဲ့မူဝါဒအတိုင်း အရေးယူသွားမှာပါ”ဟု နတ်တလင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရေချမ်းက ပြောသည်။
သစ်ခိုးထုတ်သူများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ငွေကြေးပေးပြီး စက်ယန္တရားများ အသုံးပြုကာ လမ်းဖောက်၍ သစ်ခိုးထုတ်ယူနေခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
“ကျွန်တော်တို့ အဖွဲ့တွေကတော့ ဒီလိုမျိုးငွေကြေးယူတာတွေလည်းမရှိဘူး။ ခွင့်ပြုပေးမှာလည်းမဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့နယ်မြေလုံခြုံရေးလည်းရှိတယ်၊ သဘာဝအရင်းမြစ်ကို ကာကွယ်ထိန်းသိမ်းဖို့လိုအပ်တယ်၊ ဒါကြောင့် အခုလိုထုတ်ပြန်တာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။
တရားမဝင် သစ်ကုန်သည်များ၏ သစ်အလွန်အကျွံခိုးထုတ်မှုမှာ တော်လှန်ရေးရဲဘော်များ နေထိုင်ရာ စခန်း အနီးသို့ပင် ရောက်ရှိလာကြောင်း အထက်ပါ ပကဖအဖွဲ့ရှိ ရဲဘော်တစ်ဦးက ပြောသည်။
“ ကျွန်တော်တို့ ပြီးခဲ့တဲ့ရက် (ဖေဖေါ်ဝါရီ ၂၄) ကကွင်းဆင်းကြည့်သေးတယ်၊ အဲဒီမှာ ဝိုင်းစက်တွေ စက်ယန္တရားတွေနဲ့ ခိုးယူနေတာ၊ သတိပေးပြီး ပြန်လွှတ်လိုက်တယ်၊ သူတို့ စက်ယန္တရားတွေပါ အကုန်ပြန်သယ် သွားခိုင်းလိုက်တယ်၊ နောက်တစ်ကြိမ်ထပ်တွေ့ရင် အရေးယူမယ်ဆိုတဲ့အကြောင်းလည်း သတိပေးလွှတ်လိုက်တယ် ”ဟု ၎င်းကဆိုသည်။
ပဲခူးရိုးမအတွင်း တော်လှန်ရေးတပ်ဖွဲ့များ၏ နယ်မြေစိုးမိုးမှု အားကောင်းလာသည်နှင့်အမျှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ငွေကောင်းစွာရှာပေးနေသည့် တရားမဝင်သစ်ခိုးထုတ်မှုလုပ်ငန်းများလည်း နည်းပါးလာကြောင်း သိရသည်။