ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များနှင့် အဆက်အသွယ်ရှိပြီး ထောက်ပံ့ကူညီနေသည်ဟု စွပ်စွဲကာ ဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်လာကြောင်း လက်ပံတန်းမြို့နယ်အတွင်းနေထိုင်သူများကပြောသည်။
“ပြီးခဲ့တဲ့ရက်က (ဖေဖေါ်ဝါရီ ၂၇) ရေငံရွာက အောင်သူဝင်းကို စစ်သားတွေ အများကြီးလာဖမ်းသွားတယ်၊အဲဒီရေငံရွာဘုန်းကြီးကျောင်းမှာက စစ်သားတွေတပ်စွဲထားတာလေ၊ ရွာထဲလာဖမ်းသွားတာ၊ တော်လှန်ရေးအဖွဲ့တွေထောက်ပို့လုပ်နေလို့ဖမ်းတာလို့ပြောတယ်၊ ပြန်လွတ်မလာသေးဘူး။ သာယာဝတီ ၃၅ တပ်ကို ခေါ်စစ်နေတယ်ကြားတယ်၊ သူကပထမတော့ ဆန္ဒပြတာတော့ပါတယ်၊ အဲဒီနောက်ပိုင်းအေးဆေးပဲနေတာကို၊ ဘာအမြင်ကပ်ပြီးဖမ်းတာလည်းမသိဘူး”ဟု အသက် ၃၅ နှစ်အရွယ်ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့နောက် ဖေဖော်ဝါရီ ၂၉ ရက်၊ နံနက်ပိုင်းတွင် ရေငံကျေးရွာတွင်နေထိုင်သည့် ဇင်ကိုဆိုသည့် လူငယ်တစ်ဦးကို စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွင် ထပ်မံဖမ်းဆီးခဲ့ကြောင်း ၎င်းမိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“မြို့သွားတာ၊ ကွမ်းခြမ်းကုန်းဂိတ်မှာ အဖမ်းခံရတာ၊ ဘာဖြစ်လို့ဖမ်းတာလဲတော့မသိဘူး။ မိသားစုတွေတော့ လိုက်သွားတယ်၊ ဘယ်ကိုဖမ်းခေါ်သွားတာလည်းသေချာမသိရဘူး”၎င်းကဆက်လက်ပြောသည်။
ထို့အတူ ဖေဖော်ဝါရီ ၂၇ ရက်ကလည်း ထန်းတောကျေးရွာမှ ဈေးဝယ်သွားသည့် အမျိုးသမီးတစ်ဦးနှင့် သမီးဖြစ်သူတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သဖြင့် နောက်မှလိုက်သွားသည့် အမျိုးသားဖြစ်သူကိုပါ ထပ်မံဖမ်းဆီးခဲ့ကြောင်း အဆိုပါကျေးရွာတွင်နေထိုင်သည့် အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးကဆိုသည်။
“ရွာကမြို့ကို ထော်လာချီနဲ့ ဈေးဝယ်သွားတာ၊ အဲဒါဂိတ်မှာ စစ်သားတွေနဲ့တွေ့တော့ အောင်ကိုမင်းမိန်းမနဲ့ သူ့သမီးလေး (အသက် ၁၂ အရွယ်)၊အောင်သူဟိန်းတို့ကို ဖမ်းလိုက်တယ်။ အဲဒါကို အောင်ကိုမင်းကသိတော့ ရဲစခန်းလိုက်သွားတာ၊ သူ့ကိုဖမ်းပြီး ဟို ၃ ယောက်ကိုပြန်လွှတ်လိုက်တယ်၊ အောင်ကိုမင်းက အခုထိပြန်မလွတ်သေးဘူး”ဟု ၎င်းကရှင်းပြသည်။
စစ်ကောင်စီ ယခုကဲ့သို့ဖမ်းဆီးထားသောသူများသည် သာမာန်ပြည်သူများသာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သက်မှုမရှိကြောင်း လက်ပံတန်းမြို့အခြေပြု ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“သာမာန်ပြည်သူတွေပါပဲ၊ ကျွန်တော်တို့နဲ့လည်း အဆက်အစပ်မရှိပါဘူး။ ကျွန်တော်တို့ အဲဒီလူတွေကို သိတောင်မသိဘူး။ တမင်အကြောင်းရှာပြီး ပြည်သူတွေကြောက်အောင်ဖမ်းနေတာ” ဟု ၎င်းက မှတ်ချက်ပြုသည်။
သာယာဝတီခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ယခုနှစ်အတွင်း စစ်ဆင်ရေးလှုပ်ရှားမှုများ အရှိန်မြင့်တက်လာသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း ဒေသခံပြည်သူများအပေါ် အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးသတ်ဖြတ်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။