ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် လိုင်စင်မဲ့ယာဉ်များကို လက်မှတ်လုပ်ပေးမည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အလိုက် စာရင်းများကောက်ယူနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ မြို့ထဲကရပ်ကွက်တိုင်းကို ဖေဖော်ဝါရီ ၂၈ရက်နေ့ကစပြီး အိမ်တိုင်းကို လိုင်စင်မဲ့ယာဉ်တွေ လက်မှတ်လုပ်ပေးမယ်ုဆိုပြီး စာရင်းလိုက်ကောက်နေတာ၊ သိပ်တော့မယုံရဲဘူး ဘာတွေအစီအစဉ်ရှိလဲမသိရဘူးလေ” ဟု လားရှိုးမြို့ ၊ ၇ ရပ်ကွက်နေ အမျိုးသားတစ်ဦးက MAP ကိုပြောသည်။
ထိုကဲ့သို့ လိုင်စင်မဲ့ ယာဉ်များ၏ စာရင်းကောက်ယူရာတွင် မော်ဒယ်အမျိုးအစား၊ ဝယ်ယူခဲ့သည့်ရက်၊ စျေးနှုန်းနှင့် ဓာတ်ပုံများကိုပါ စာရင်းကောက်ခံနေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ လိုင်စင်မဲ့တွေကို လက်မှတ်လုပ်ပေးမယ်တာ ပြောတာ၊ ဘာလက်မှတ်လဲမေးတော့ လိုင်စင်လားဆိုတော့လည်းမဟုတ်ဘူးပြောတယ်။ ဘာလက်မှတ်လဲဆိုတာလဲ မပြောဘူး။ သူတို့လည်းသေချာမသိဘူး။ အထက်ကလုပ်ခိုင်းလို့ လုပ်ရတယ်ပြောတာ” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အမျိုးသားတစ်ဦးကပြောသည်။
ယခုကဲ့သို့ လိုင်စင်မဲ့ကား၊ ဆိုင်ကယ် ပိုင်ဆိုင်ထားသူများ၏ အိမ်များသို့ စာရင်းလိုက်လံကောက်ယူမည်ဖြစ်ပြီး ပိုင်ရှင်များသည် မိမိပိုင်ဆိုင်ထားသည့် ယာဉ်အရေအတွက်ကို မှန်ကန်စွာစာရင်းပေးရန် လိုအပ်ကြောင်း လားရှိုးမြို့၊ ၇ရပ်ကွက်နေ အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးကဆိုသည်။
လိုင်စင်မဲ့ ယာဉ်များ လက်မှတ်ထုတ်ပေးမည်ဟုဆိုကာ တစ်အိမ်တက်တစ်အိမ်ဆင်း စာရင်းကောက်ခံမှုကို အကြောင်းပြပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ခုလုပ်ဆောင်မည်ကိုလည်း ပြည်သူများက စိုးရိမ်လျက်ရှိနေသည်။