တနင်္သာရီတိုင်း၊ ထား၀ယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ထား၀ယ်နည်းပညာတက္ကသိုလ်အနီး ဘုရားမဲဂိတ်နှင့် ကပ်လျက် ဘုရားမဲဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားသည့် ကင်းစခန်းကို Ba Htoo Army-BHAက တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦးသေဆုံးခဲ့ကြောင်း ယမန်နေ့(ဖေဖော်ဝါရီ ၂၈ရက်)တွင် ထုတ်ပြန်ထားသည်။
ယမန်နေ့(ဖေဖော်ဝါရီ ၂၈ရက်)၊ နေ့လယ် ၁၂နာရီခန့်တွင် မောင်မယ်ရှောင်ကျေးရွာ၊ ထားဝယ်နည်းပညာတက္ကသိုလ်ရှိ non-CDM ဒုပါမောက္ခချုပ် ဦးကျော်အောင်၊ ပါမောက္ခ ဒေါ်စုစုလတ်နှင့် ပါမာက္ခ ဒေါ်နန္ဒာလွင်တို့ကို Ba Htoo Army-BHA က ဖမ်းဆီးပြီးနောက်၊ စစ်ကောင်စီ၏ စခန်းနှစ်ခုကို တပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗထူးတပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာမှ တာဝန်ရှိသူ ရဲဘော်ထက်မြက်ကပြောသည်။
“ ဖမ်းမိတာမဟုတ်ဘူး။ ကျောင်းကို ဝင်ထိန်းပြီး အချိန်အတိုင်းအတာအရ အရေးကြီးတဲ့ သူတို့၃ယောက်ကို ထိန်းသိမ်းလာခဲ့တာဗျ၊ ပြီးမှ တိုက်ပွဲကစတာလေ၊ အင်အားကတော့ ကာကင်းစခန်း မှာက ၅ ယောက်ရှိတယ်ဗျ၊ စစ်ဆေးရေးဂိတ်မှာကတော့ ၁၀ကျော်လောက်ရှိမယ်ဗျ၊ လောလောဆယ် ဖမ်းဆီးထားသူတွေကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်” ဟု ရဲဘော်ထက်မြက်ကပြောသည်။
အထက်ပါတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ MA-3 (၂)လက်၊ ကျည်ဘောက်(၆)ခု၊ ၄ဝ မမ (၆) လုံး၊၅.၅၆ ကျည် (၂၀၄) တောင့်၊ လက်ကိုင်ဖုန်း(၂)လုံး နှင့် စကားပြောစက် (၁) လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
“ ဝင်ပစ်တဲ့အချိန်မှာတော့ ကာကင်းက စစ်သားနှစ်ယေက်သေတယ်။ အဲ့ဒီမှာ လက်နက်ရလိုက်တာ၊ ကျန်တဲ့သူတွေကတော့ စစ်ဆေးရေးဂိတ်ထဲက ထွက်ပြေးသွားတယ်။ ကျန်တဲ့သုံးယောက်က နောက်ဆက်တွဲသေဆုံးသွားတယ်ဆိုတာ အတည်ပြုလို့ရတယ်” ဟု တိုက်ပွဲတွင်ပါ၀င်ခဲ့သည့် ရဲဘော်တစ်ဦးကပြောသည်။
တိုက်ပွဲအတွင်း အပြန်အလှစ်ပစ်ခတ်မှုများရှိခဲ့သည့်အပြင် စစ်ကောင်စီဘက်က ထားမြို့၊ ဇဟာကျေးရွာ အမြှောက်တပ်နှင့် ကမြောကင်းတံတားဂိတ်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သော်လည်း တော်လှန်ရေးရဲဘော်များအထိ အခိုက်မရှိုဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းအတွင်း စစ်ဆင်ရေးများကို တိုးမြှင့်ဖော်ဆောင်သွားမည်ဖြစ်သောကြောင့် စစ်ကောင်စီလက်အောက်ခံ များအနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံရန် Ba Htoo Armyက တိုက်တွန်းထားသည်။