စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ကုက္ကိုလ်စုကျေးရွာ၌ ယမန်နေ့(ဖေဖော်ဝါရီ ၆ ရက်)၊ ည ၁၁ နာရီခွဲတွင် စစ်ကောင်စီတပ်က ရွာသားနှစ်ဦးကို ညှင်းပန်းနှိပ်စက်ပြီး လည်လှီးသတ်ခဲ့ကြောင်း နတ်ဆိုးပြောက်ကျား (LPDF) မှ တာဝန်ခံ ကိုဂျိမ်းစ်က MPA သို့ ပြောသည်။
“ မူးသာကျေးရွာဘက်ကနေ ကုက္ကိုလ်စုရွာဘက်ကို ကူးလာတဲ့ အင်အား ၈၀ပါဝင်တဲ့ ဘီလူးစစ်ကြောင်းပါ၊ စစ်ကြောင်းဝင်လာတဲ့အချိန်မှာ သူတို့နှစ်ဦးက ရွာထဲမှာရှိနေတာ၊ ဒဏ်ရာတွေက ခန္ဓာကိုယ်ပေါ်မှာ များတယ်။ လက်နဲ့ ဝမ်းဗိုက် ပြီးတော့ လည်ပင်းကို လှီးထားတယ်။ ဓားကိုပဲ အသုံးပြုထားတာ။ စစ်ကြောင်းက ည ၁၂နာရီခွဲလောက်မှာ ကုက္ကိုလ်စုရွာကနေ ထွက်တယ်” ဟု တာဝန်ခံ ကိုဂျိမ်းစ်က ရှင်းပြသည်။
စစ်ကောင်စီသတ်ခဲ့သည့် ကုက္ကိုလ်စုရွာမှ ရွာသားနှစ်ဦးသည် အသက် ၂၈နှစ်အရွယ် မောင်ဇော်သိန်းထိုက်နှင့် အသက် ၃၁ နှစ်အရွယ် ကိုသိန်းသန်းကြွယ်တို့ဖြစ်သည်။
“ သင်္ဂြိုဟ်မယ့်အချိန်ကို အတိကျမထုတ်ရဲသေးပါဘူး။ ကုက္ကိုလ်စုရွာကို ရေဦးမြို့ဘက်ကနေပစ်ရင် ထိနိုင်တာမို့ပါ” ဟု ကိုဂျိမ်းစ်က ဆက်လက်ပြောသည်။
လက်ရှိတွင် ယင်းစစ်ကြောင်းသည် ရေဦးမြို့အနောက်ခြမ်းရှိ ထန်းထောကျေးရွာအနီးသို့ရောက်ရှိနေပြီး၊ ငြုတ္တံ၊ သံသည်၊ ကုန်းကြီး၊ ကုန်းတန်းနှင့် မုတ်စီကျေးရွာများရှိ ဒေသခံပြည်သူ ၃၀၀၀ ခန့်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
“ ညဘက်တွေ စစ်ကြောင်းဝင်တော့ အလန့်တကြားပြေးရတာပေါ့၊ အနွေးထည်မပါလာလို့ အအေးဒဏ်ကတော့ အရမ်းခံရတယ်” ဟု ခင်ဦးမြို့နယ်မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ ဘီလူးစစ်ကြောင်းသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်တွင်လည်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း၊ မဲအိုးကျေးရွာသို့ဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူများကို ညှင်းပန်းနှိပ်စက်၍၊ ဥပဒေတာဝန်ခံ ဒေါ်ခင်နှင်းဌေးနှင့် ပြည်သူလေးဦးကို သတ်ဖြတ်ခဲ့သေးသည်။