ကူညီထောက်ပံ့ရေးအပါအဝင် CDM ရေးရာကိစ္စများနှင့်ပတ်သက်သည်များကို တာဝန်ယူဆောင်ရွက်ပေးနိုင်ရန်နှင့် CDM အခွင့်အရေးများကို ကာကွယ်ပေးရန် လွတ်လပ်သော CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့ကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၈ ရက်ကပြုလုပ်သည့် ပထမအကြိမ် CDM နိုင်ငံ့ဝန်ထမ်းထု ညီလာခံနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ CDM တွေ ခက်ခဲကျပ်တည်းတာတော့ အားလုံး အသိပဲဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးက အလေးသာတဲ့အချိန်မှာ CDM တွေ ကူညီထောက်ပံ့မှုက အင်မတန် အားနည်းလာတဲ့ အခြေအနေဖြစ်တယ်။ ဒီညီလာခံမှာ လွတ်လပ်သောနိုင်ငံ့ဝန်ထမ်း CDM တွေကို အဖွဲ့ ဖွဲ့ဖို့အတွက် ညီလာခံ ဆုံးဖြတ်ချက်ရခဲ့တယ်”ဟု CDM ကျောင်းဆရာ ကိုနောင်ချိုက ပြောသည်။
အဖွဲ့အစည်း ပေါ်ပေါက်လာပါက CDM များ၏ အရေးကိစ္စများ အပါအဝင် လူမှုရေး၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာကူညီထောက်ပံ့ရေး၊ အစစရာရာ ထိခိုက်မှုများကို တာဝန်ယူဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး အခက်အခဲများကို ဖြေရှင်းပေးနိုင်မည်ဟု ယူဆကြောင်း ၎င်းကရှင်းပြသည်။
ထို့ပြင် ပြည်သူများအနေဖြင့်လည်း အကြောက်တရားကို ဖယ်ရှားကာ အလုပ်ရှင်များအနေဖြင့် CDM ဝန်ထမ်းများကို ထောက်ပံ့ပြီး ခွဲခြားဆက်ဆံမှုများ မပြုလုပ်ကြရန်လည်း CDM ကျောင်းဆရာ ကိုနောင်ချိုက တိုက်တွန်းပြောဆိုထားသည်။
“ စစ်ကောင်စီရဲ့ ယန္တရားမှာတော့ မပါတော့ဘူး။ ဒါပေမဲ့ တခြားသောနယ်ပယ်တွေမှာ ပြည်သူကိုလည်း အလုပ်အကျွေးပြုဖို့လိုသလို ကိုယ့်ရဲ့ စားဝတ်နေရေးအတွက်လည်း ရုန်းကန်ဖို့လိုတယ်။ အဲ့ဒီအတွက်ကြောင့် မိမိရဲ့ Professional ကို အသုံးချပြီးတော့ အလုပ်အကိုင်ရှာဖွေတဲ့အခါမှာ ဒါကို မကြည့်ဘဲ CDM ဆိုတဲ့ခေါင်းစဉ်နဲ့ အလုပ်မခန့်ချင်တာမျိုးတွေ၊ ဆိုတော့ ပိုဆိုးတာက အလုပ်လာလျှောက်တာနဲ့ကို လုံးဝဆန့်ကျင် ကန့်ကွက်တာပေါ့နော်။ အဲ့ဒီအတွက်ကြောင့် ဒီညီလာခံရဲ့ တောင်းဆိုချက်တွေ သတင်းစကားတွေထဲမှာ ပါနေတာပေါ့။ CDM တွေကို Boycott ပြန်လုပ်တဲ့အခြေအနေက တကယ့်မျက်ဝါး ထင်ထင်ဖြစ်နေတယ်ပေါ့နော်”ဟု ၎င်းကဆက်လက်ပြောသည်။
CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးကလည်း “ CDM တွေကို အလုပ်ပေးဖို့အတွက်ကို ပြည်တွင်းမှာ စစ်ကောင်စီက တားထားလို့ NGO, INGOတွေက မခန့်ဘူး။ ပြည်ပမှာ Ngo တွေ က အစိုးရအလုပ်နဲ့မတူဘူးဆိုပြီး မခန့်ပြန်ဘူး။ အပြစ်လုပ်ခဲ့တဲ့ အပြစ်သားလိုဘဲ နှိပ်ကွပ်လို့ရနေတယ်။ သူတို့က CDM တွေဟာ ဘဝပျက်နေသူတွေဆိုပြီး အနားမကပ်ချင်ကြဘူး”ဟု ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ( CRPH) နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအနေဖြင့် CDM နိုင်ငံ့ဝန်ထမ်းများ ကြုံတွေ့နေရသည်ကို လျစ်လျူမရှုဘဲ ဖြေရှင်းပေးရန်လည်း CDM နိုင်ငံ့ဝန်ထမ်းထုက တိုက်တွန်းထားသည်။