NLD အစိုးရ၏ မန္တလေးတိုင်း ဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်သည် ကျန်းမာရေးကြောင့် မန္တလေးမြို့ အစိုးရ ဆေးရုံသို့ထပ်ပို့လိုက်ခြင်းကို နေပြည်တော်ရှိ အကျဉ်းဦးစီးဌာန အာဏာပိုင်များက ငြင်းဆိုပြီး လက်ရှိအချိန်အထိ အိုးဘိုထောင်အတွင်း၌သာရှိနေသေးကြောင်း MPA ၏ နေ့လယ် ၁၂ နာရီဝန်းကျင် ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။
“ဒေါက်တာဇော်မြင့်မောင်က အခုအိုးဘိုထောင်မှာပဲရှိနေပါတယ်။ ဆေးရုံပို့ထားတာမရှိသေးပါဘူး” ဟု နေပြည်တော်ရှိ အကျဉ်းဦးစီးဌာနမှာတာဝန်ရှိသူတစ်ဦးက MPA သို့ အတည်ပြုပြောကြားခဲ့သည်။
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်သည် နှလုံးရောဂါအထူးကြပ်မတ်ဆောင်တွင် ရောက်ရှိနေကြောင်းသတင်းများ ထွက်ပေါ်ခဲ့သည့်အတွက် အတည်ပြုမေးမြန်းခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်၏ လက်ရှိအခြေအနေနှင့် ပတ်သက်ပြီးတစ်စုံတရာ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။
ဝန်ကြီးချုပ်အနေဖြင့် ကျန်းမာရေးချို့ယွင်းမှုကြောင့် ဇူလိုင် ၃၀ ၊ ၃၁ ခန့်က အိုးဘိုထောင်ဆေးရုံတွင် ပို့ထားရသည်ကြားရကြောင်း သြဂုတ် ၂ ရက်နေ့တွင် လွတ်မြောက်လာသူ မြဝတီမင်းကြီး ဆရာတော်က မီဒီယာတစ်ခုတွင် မိန့်ဆိုထားသည်ကို တွေ့ရသည်။
ဒေါက်တာဇော်မြင့်မောင်သည် စစ်တပ်အာဏာသိမ်းချိန်မှ စတင် ဖမ်းဆီးခြင်းခံခဲ့ရသူ တဦးဖြစ်ပြီး ပုဒ်မ ၅၀၅-က ဖြင့်တရားစွဲဆိုခြင်းခံထားရသည်။ ၎င်းသည် NLD ပါတီ၏ ဒုတိယဥက္ကဌဖြစ်ပြီး သွေးကင်ဆာကင်ဆာခံစားနေရသူ ဝေဒနာရှင်တဦးလည်း ဖြစ်သည်။