မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာရှိ ပြည်သူ့နေအိမ်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ငါးဦးဒဏ်ရာရရှိကြောင်းသိရသည်။
ဧပြီ ၂၉ရက်၊ ညနေ ငါးနာရီ ၁၅မိနစ်ခန့်က တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာ ပြည်သူ့နေအိမ်၌ တပ်စွဲနေထိုင်နေသော စစ်သားအင်အား ၃၀ဝန်းကျင်ကို ဒရုန်းဖြင့် ဗုံးသီး နှစ်လုံးကြဲချခဲ့ရာ နေအိမ်အမိုးပွင့်ထွက်သွားပြီး ပျက်စီးသွားသဖြင့် အခြားအိမ်သို့ ရွှေ့ပြောင်းတပ်စွဲသွားကြောင်း မြင်းခြံခရိုင်အမှတ် ရှစ်တပ်ရင်း (Natogyi Regional Defence Force) က သတင်းထုတ်ပြန်သည်။
“ သူတို့နေတာက အိမ်သုံးလုံးရှိတာ။ ဒရုန်းချလိုက်တာ ပျက်စီးသွားတော့ ကျန်အိမ်နှစ်လုံးကို ရွှေ့သွားတယ်။ တပ်စွဲထားတဲ့ပတ်ဝန်းကျင်က အိမ်တွေမှာတော့ ပြည်သူတွေ မရှိဘူး” ဟု မြင်းခြံခရိုင်အမှတ်ရှစ်တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။
ဒဏ်ရာရရှိသော စစ်သားများကို တောင်သာဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ၎င်းကပြောသည်။
တိုက်ခိုက်မှုပြီးနောက် စစ်သားများသည် ကျေးရွာအတွင်း ပတ်ကာ သေနတ်များပစ်ဖောက်ခဲ့ကြောင်း ဇရပ်ကြီးရွာခံနှင့် နီးစပ်သူတစ်ဦးကပြောသည်။
“ ရွာထဲပတ်ပြီး သေနတ်ပစ်ဖောက်တယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေတော့ မရှိပါဘူး” ဟု ၎င်းကပြောသည်။
ထို့အပြင် ည ခုနှစ်နာရီခန့်တွင် မြင်းခြံမြို့နယ်၊ လေးဆုံရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နှစ်ဦး ဒဏ်ရာရရှိကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုများကို မြင်းခြံခရိုင်အမှတ်ရှစ်တပ်ရင်း (Natogyi Regional Defence Force)နှင့်တောင်သာမြို့နယ်ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ပြီး PDF ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ ထိခိုက်ဒဏ်ရာရမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။