မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်တွင် စစ်မှုထမ်းမည့်သူများကို ထောက်ပံ့ရန်ဟုဆိုကာ စစ်သားနှင့်အုပ်ချုပ်ရေးမှူးတို့က တအိမ်လျှင် ကျပ် ၁၀,၀၀၀ ကောက်ခံနေကြောင်း သိရသည်။
ဧပြီ၂၆ရက်တွင် စစ်သားနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က တစ်အိမ်တက်ဆင်း လိုက်လံ ကောက်ခံ ခဲ့ခြင်းဖြစ်ပြီး ချက်ချင်း ငွေမထည့်သောအိမ်များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ လာရောက်ပေး ဆောင်ရန် ပြောကြားခဲ့ကြောင်း ယင်းရပ်ကွက်သားအချို့ထံက သိရသည်။
” ရပ်ကွက်ထဲက စစ်မှုထမ်းရသူတွေကိုထောက်ပံ့ဖို့ တစ်အိမ်ကို ၁၀,၀၀၀ လစဥ်ထောက်ပံ့ ပေးရမယ်တဲ့။ အုပ်ချုပ်ရေးမှူးရုံးမှာ သွားထည့်ရမှာ။ စစ်မှုထမ်းဖို့ မဲကတော့ သုံးလလောက် မနှိုက်ရသေးဘူး ပြောတယ်” ဟု အောင်သာယာရပ်ကွက်သားတစ်ဦးက MPAသို့ပြောသည်။
ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြားသော ရပ်ကွက်များတွင်မူ ယင်းသို့ ငွေကောက်ခံမှု မရှိကြောင်း သိရသည်။
” မြရည်နန္ဒာဘက်လည်းပိုက်ဆံကောက်တာမကြားဘူး။ အောင်ပင်လယ်တို့ တခြားဘက်တွေလည်း တောင်းတာတော့မကြားမိဘူး။ အုပ်ချုပ်ရေးမှူးပေါ် မူတည်တယ်ထင်တယ်” ဟု ချမ်းမြသာစည် မြို့နယ်နေ ပြည်သူတစ်ဦးကပြောသည်။
ပထမအကြိမ် စစ်မှုထမ်းရန် ခေါ်စဉ်က မဟာအောင်မြေမြို့နယ်အတွင်းရှိ စစ်မှုမထမ်းလိုသူများထံ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျပ်နှစ်သိန်းခွဲ တောင်းကြောင်း MPA ကစုံစမ်း သိရသည်။