ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဖြန့်ဖြူးချိန်မမှန်တော့သဖြင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများအခက်တွေ့နေပြီး ထုတ်ကုန်ဈေးနှုန်းများပါ မြှင့်တင်ရောင်းချနေရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
တစ်ရက်လျှင် နာရီအနည်းငယ်သာ လျှပ်စစ်မီးရရှိသဖြင့် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မီးစက်ကိုသာအဓိကထား၍ ကုန်ပစ္စည်းများထုတ်လုပ်နေရပြီး စက်သုံးဆီးဈေးနှုန်းကြီးမြင့်မှုနှင့်အတူ ထွက်ရှိလာသည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းကိုမြှင့်တင်ရောင်းချနေရကြောင်း အိတ်အမျိုးမျိုးချုပ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးကဆိုသည်။
“မီးကမလာတော့ မီးစက်ကိုပဲ သုံးပြီးတော့ အိတ်တွေကိုချုပ်နေရတယ်၊ ဆီးစျေးကလဲကြီးတော့ ပုံမှန်စျေးကွက်ဖြန့်တဲ့ စျေးအတိုင်းမဖြန့်နိုင်တော့ဘူး။ အော်ဒါတွေအများကြီးတက်နေပေမဲ့ဖောက်သည်တွေကို မီးမလာလို့ စျေးတက်မယ်ဆိုပြီးတော့ ပြောထားရတယ်” ဟု အထက်ပါလုပ်ငန်းရှင်က MPA ကိုပြောသည်။
တောင်ဒဂုံမြို့နယ်အတွင်း ဓာတ်ပုံဆိုင်ဖွင့်လှစ်ထားသည့် အမျိုးသမီးတစ်ဦးကလည်း “ ကျွန်မတို့ ဓာတ်ပုံဆိုင်ဖွင့်ထားတာ၊ မီးကမလာတော့ အလုပ်တွေကို မီးစက်နဲ့ပဲ လုပ်နေရတယ်။ အရင်ကဆိုရင် လိုင်စင်ဓာတ်ပုံလေးပုံကို ၁,၀၀၀ ပဲတောင်းပေမဲ့ အခုမီးစက်နဲ့ လုပ်နေရတော့ လိုင်စင်ဓာတ်ပုံ လေးပုံထုတ်မယ်ဆိုရင် ၂,၀၀၀ လောက်တောင်းမှ အဆင်ပြေမယ်၊ တခြားဖိတ်စာတွေ၊ မိတ္တူဆွဲတာတွေလဲ အတူတူပဲ စျေးကတင်ပြီးတောင်းနေရတယ်” ဟု ဆိုသည်။
ရာသီဥတုပူပြင်းလာသည်နှင့်အမျှ လျှပ်စစ်မီးပြတ်တောက်ချိန်ပိုမိုများပြားလာပြီး နွေရာသီအရောင်းသွက်သည့် ရေခဲထုတ်လုပ်သည့်နေရာတွင် မီးစက်အကိုအဓိကထားအသုံးပြုနေရသဖြင့် ရေခဲဈေးနှုန်းများလည်း မြင့်တက်လာကြောင်း သာကေတမြို့နယ်အတွင်း နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆက်လက်ပြောသည်။
“အရင်ကရေခဲ ၅၀၀ ဖိုးဆိုအများကြီးရတယ် အခုကမရတော့ဘူး” ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစုတွင် လျှပ်စစ်မီးဖြန့်ဖြူးမည့် အချိန်ဇယားများသတ်မှတ်ထားသော်လည်း သတ်မှတ်ချိန်အတိုင်း ဖြန့်ဖြူးခြင်းမရှိဘဲ အချိန်လျော့၍ ဖြန့်ဖြူးနေကြောင်း မြို့နေပြည်သူများ၏ ပြောပြချက်အရ သိရသည်။