ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် မိုးရာသီ ရိက္ခာနှင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း ကန်ပက်လက်မြို့နယ်၊ လူသားစာနာတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
လက်ရှိဖြစ်ပွားနေသော ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲအခြေအနေများကြောင့် တိုက်နယ်အမှတ်(၇)ရှိ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် လမ်းကြောများပိတ်ဆို့နေပြီး ရိက္ခာပြတ်လပ်မှုများနှင့်ကြုံတွေ့နေရကြောင်း ၎င်းကဆိုသည်။
“ ကြားထဲမှာတိုက်ပွဲလည်းဖြစ်နေတော့ တိုက်နယ်အမှတ်(၇)ကတော့ တော်တော်လေးကိုခက်ခဲတယ်။ supporting (ထောက်ပံ့မှု)တွေလည်း မရောက်နိုင်ဘူးပေါ့နော်။ လမ်းကြောကနှစ်ရက်လောက်ဖွင့်လိုက် ပြန်ပိတ်သွားလိုက်ဆိုတော့လေ။ အဓိကတော့ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးနဲ့ငွေကြေးထောက်ပံ့မှုတွေလိုအပ်တာပေါ့” ဟု လူသားစာနာတာဝန်ရှိသူက MPA ကိုပြောသည်။
မကြာမီ မိုးရာသီသို့ရောက်ရှိလာတော့မည်ဖြစ်သောကြောင့် ချင်းတောင်တွင် ဆိုင်ကယ်လမ်းများပျက်စီး၍ လမ်းကြောင်းများပြတ်တောက်နိုင်ပြီး စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ အဝတ်အထည်နှင့် ဆေးဝါးများကြိုတင်စုဆောင်းရန်လိုအပ်ကြောင်းနှင့် အကူအညီများလည်း လိုအပ်လျက်ရှိကြောင်းသိရသည်။
ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုနှင့် တိုက်ပွဲအခြေအနေများကြောင့် ဒေသခံ ၁၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
“ ကန်ပက်လက်မြို့ပေါ်မှာ စဖြစ်ကတည်းက ရှောင်နေရတာက စုစုပေါင်း ၆,၀၀၀ ကျော်လောက်ရှိတယ်။ ကျင်ဒွေးတိုက်ပွဲဖြစ်လာတော့ ကျင်ဒွေးမြို့ပေါ်ရယ် အနီးအနားတဝိုက်က ရွာပေါင်း(၁၅)ရွာလောက်ကရှောင်ရတယ်။ အဲဒါက ၃,၀၀၀ ဝန်းကျင်လောက်ရှိတယ်။ စုစုပေါင်း ၉,၀၀၀ ကျော် ၁၀,၀၀၀ လောက်ဖြစ်လာတာဗျ” ဟု ကန်ပက်လက်မြို့နယ်၊ လူသားစာနာတာဝန်ရှိသူက ရှင်းပြသည်။
ကန်ပက်လက်မြို့နယ်အတွင်း အမြဲတမ်းစစ်ဘေးရှောင်စခန်းသုံးခုရှိပြီး အချို့မှာတောင်ယာတဲများတွင် နေထိုင်ကြသူများရှိသကဲ့သို့ နီးစပ်ရာဆွေမျိုးများရှိရာ ကျေးရွာများတွင်ပြောင်းရွှေ့နေထိုင်ကြသူများလည်းရှိကြောင်းသိရသည်။
“ တချို့ကလည်း ရွာအလိုက် ယောနယ်တွေဘက်က ဘုရားကျောင်း၊ စာသင်ကျောင်းတွေမှာ စုပြီးနေကြတာတွေရှိတယ်။ အိမ်ငှားပြီးပြောင်းရွှေ့နေတာတွေလည်းရှိတယ်။ မတူကြဘူး” ကန်ပက်လက်ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။
ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျင်ဒွေးမြို့ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် CDF နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လ၇ ရက်တွင် ချင်းညီနောင်မဟာမိတ်ပူးပေါင်းတပ်များက အာရက္ခတပ်တော် (AA) ၏ အကူအညီဖြင့် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည်။
ပြီးခဲ့သည့် ဧပြီ ၂၈ ရက်ကလည်း ကန်ပက်လက်မြို့နယ်၊ လွန်ဒုံကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှစုံစမ်းသိရှိရသည်။