ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနှင့် နမ္မတူမြို့ကြားရှိ မိုးတေတံတားကို ယမန်နေ့(ဒီဇင်ဘာ ၂၈ရက်)တွင် စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
အဆိုပါ မိုးတေတံတားသည် သီပေါ၊ နမ္မတူ၊ မန်တုံနှင့် နမ့်ဆန်မြို့သို့ အဓိကဆက်သွယ်ထားသည့် တံတားတစ်ခုလည်း ဖြစ်သည်။
“မနေ ညနေပိုင်းမှာ စစ်တပ်ကား ၃ စီးနဲ့ မိုးတေရွာရောက်လာတယ်။ နမ့်ဆန်ဘက်ကို တက်မှာလားတော့မသိဘူး။ TNLA စစ်သားတွေကလည်း အဲ့ဒီနားတစ်၀ိုက်မှာ လာစောင့်တာတွေ့ရတယ်။ ကျတော်တို့ တစ်ရွာလုံးလဲ ကင်းစောင့်နေရတယ်”ဟု မန်လီရွာနေ အမျိုးသားတစ်ဦးက ပြောသည်။
မိုးတေချောင်းတံတားကို စစ်ကောင်စီ၏ ၅၀၃/၅၀၄ တပ်က မိုင်းခွဲဖျက်ဆီးခဲ့သော်လည်း၊ တံတားလုံး၀ပျက်စီးသွား ခြင်းမရှိသောကြောင့် ပျဉ်ပြားများထိုးကာ ကားများသွားလာနေရကြောင်းလည်း သိရသည်။
“လုံလုံးကြီး ပြိုကျတာတော့မဟုတ်ဘူး။ ပျက်စီးတာတော့ပျက်စီးသွားတယ်။ တစ်ချို့ကားတွေဆိုရင် ပျဉ်ပြားတွေ ပြန်ထည့်ပြီး ဖြတ်သွားနေကြတယ်။ ပြီးတော့ ရှိသမျှ တံတားတွေ အကုန်ဖျက်ဆီးလိုက်တော့ ပြည်သူ့တွေ အခက်အခဲဖြစ်လာကုန်ကြတယ်”ဟု လားရိူးမြို့မှ ခရီးသည်တစ်ဦးက ပြောသည်။
လက်ရှိ နမ္မတူမြို့ကို TNLA က သိမ်းပိုက်နိုင်ခဲ့သော်လည်း၊ စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။