လက်နက်ခဲယမ်းနှင့်တကွ ပြည်သူ့ရင်ခွင်ဝင်လာသော ဒုတပ်ကြပ်တစ်ဦးကို ကျပ်သိန်း၁၀၀ ဆုချီးမြှင့်ခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ချင်းပြည်နယ်၊တီးတိန်မြို့အခြေစိုက် ခလရ-၂၆၉ က ဒုတပ်ကြပ်ဝေလင်းသည် ဒီဇင်ဘာ၂၇ရက်၊နံနက်၁၀နာရီခန့်တွင် ယခင်က CDM ပြုလုပ်ခဲ့သည့် စစ်သားများ၏ အချိတ်အ ဆက်ဖြင့် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ခိုလှုံလာခြင်းဖြစ်ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
” အာဏာသိမ်းချိန် ၂၀၂၁ ကတည်းက CDM လုပ်ထားတဲ့ စီနီယာ ပြည်သူစစ်သားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဆက်သွယ်လာတာပါ” ဟု ၎င်းက ဆိုသည်။
ဒုတပ်ကြပ်ဝေလင်းနှင့်အတူ MA – 3 သေနတ် ၁လက်၊ ကျည်ဘောက် ၅ ခု ၊ ကျည် ၁၅၀ ၊ ၄၀ (မမ) ဗုံးသီး၁၀ လုံးနှင့် လက်ပစ်ဗုံး ၁ လုံး ပါလာကြောင်း သိရသည်။
” ဒီဇင်ဘာလ ၂၆ရက်နေ့က ချင်းပြည်နယ်၊တီးတိန်ကနေ ထွက်လာခဲ့တာ။ အဆင့်ဆင့် ချိတ်ဆက်ပြီး လမ်းခရီး စီစဥ်ပြီး ပုလဲကို တစ်ရက်ကြာပြီး ရောက်လာခဲ့တာ။အခုတော့ ဘေးကင်းသွားပါပြီ” ဟု ပုလဲမြို့နယ်အတွင်း ပြည်သူ့ရင်ခွင်ဝင်လာသူများကို စောင့်ရှောက်ပေးနေသူတစ်ဦးက ပြောသည်။
ပုလဲမြို့နယ်အတွင်း လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်လာသူ ၂ဦးရှိပြီဖြစ်ပြီး လက်နက်မပါဘဲ ဝင်ရောက်လာသူများလည်းရှိကြောင်း CDMစစ်သားနှင့်ရဲတို့ကို ပြည်သူ့ရင်ခွင်ထံက ထောက်ပံ့ကြေးရအောင် လုပ်ဆောင်ပေးနေကြောင်း ၎င်းက ပြောသည်။