တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်လိုက်နိုင်ပြီဖြစ်သော နတ်သံကွင်းမြို့ကို စစ်တပ်က တစ်နေကုန်နီးပါး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်းသိရသည်။
ယနေ့(ဒီဇင်ဘာ ၂၆ ရက်) နံနက် ၄ နာရီခွဲဝန်းကျင်တွင် KNLA၊ ABSDF၊ PDF ပူးပေါင်းတပ်ဖွဲ့က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့အပါအဝင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ညနေပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးနေကြောင်း ABSDF က ထုတ်ပြန်သည်။
“အဓိက အားဖြင့် နတ်သံကွင်းမြို့ကို ဦးတည်ပြီးသိမ်းပိုက်ခဲ့တာပါ။တောင်ငူလေယဥ်ကွင်းနဲ့ လက်ပါတ်ကျေးရွာက စစ်ကောင်စီစခန်းတွေကိုလည်း တစ်ပြိုင်နက်တိုက်ခိုက်ခဲ့တာပါ။လက်ရှိအချိန်ထိ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေဆဲပါ။စစ်ကောင်စီက လေကြောင်း ပစ်ကူပေးနေတုန်းပါ” ဟု ABSDF မှ ရဲဘော် တစ်ဦးကပြောသည်။
နတ်သံကွင်းမြို့ အနီးဝန်းကျင်နေရာများအားလုံး ဗုံးကြဲတိုက်ခိုက်ခံရပြီး ကလေးငယ် ၄ ဦးအပါအဝင်၊အသက် ၃၈ နှစ်အရွယ်ပြည်သူ တစ်ဦး သေဆုံးသွားကြောင်းသိရသည်။
“စစ်တပ်က တစ်နေကုန်နီးပါးပဲ လေကြောင်းပစ်ကူနဲ့လက်နက်ကြီးပစ်ကူပေးနေတာ။အသံတွေတော့ကြားနေရတယ်။ဘယ်နေရာတွေကို ဗုံးချခံရလည်းတော့ မသိဘူး။ကျမ တို့ကလည်း အသက်လု ပြေးနေရတာဆိုတော့ သေချာမသိဘူး” ဟု စစ်ရှောင် ဒေသခံ တစ်ဦးကပြောသည်။
ယနေ့နံနက်၈နာရီခန့်တွင် နတ်သံကွင်းမြို့ကို ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး အခြေအနေငြိမ်သွားပါက သတင်းထုတ်ပြန်ပေးမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တောင်ပိုင်းစစ်ဒေသ၊အမှတ် – ၂ စစ်ဒေသခွဲမှ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးကMPA သို့ ပြောကြားထားသည်။