မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီရုံးအတွင်း ဇူလိုင်လ ၃၀ ရက် ည ၁၂ နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ည ၁၂ အချိန်ခန့်တွင် NLD ပါတီရုံးအတွင်း ရှို့မီးဟုယူဆရသည့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သော်လည်း မီးသတ်တပ်ဖွဲ့မှာ ညမထွက်ရအချိန်ဖြစ်နေ၍ ငြှိမ်းသတ်ခွင့်မရဘဲ NLD ပါတီရုံးအတွင်းရှိ စာရွက်စာတမ်းများနှင့် ပါတီတံဆိပ်ပါ ပစ္စည်းများမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“ မီးလောင်တာက အဆောက်အဦး မလောင်ဘဲ ရုံးထဲက စာရွက်စာတမ်းနဲ့ ပါတီတံဆိပ်ပါအလံတွေ ပစ္စည်းတွေပဲ မီးလောင်သွားတယ်။ မီးကတော့ တမင်ရှို့တာဆိုတာ သေချာတယ်။ မီးသတ်တပ်ဖွဲ့ကလည်း လာမငြှိမ်းဘူး” ဟု မတ္တရာမြို့နယ် ဒေသခံတစ်ဦးက MPA ကို ပြောသည်။
NLD ပါတီရုံး မီးလောင်မှုနှင့်ပတ်သတ်၍ မတ္တရာမြို့ခံများက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့များ၏လက်ချက်ဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။
“ အရင်ကတည်းက ပျူစောထီး အဖွဲ့တွေက NLD ပါတီနဲ့ ပါတီထောက်ခံသူတွေကို အပြတ်ရှင်းမယ်လို့ သတင်းလွှင့်နေတာကြာပြီ။ NLD ရုံးမီးလောင်တာမှာ အဆောက်အဦးမလောင်ဘဲ အထဲက စာရွက်စာတမ်းနဲ့ပါတီအလံတွေ၊ ပစ္စည်းတွေပဲ မီးလောင်တယ်ဆိုတော့ ဒါက ပျုစောထီးအဖွဲ့တွေလက်ချက်ဆိုတာ ကျိန်းသေပါတယ်” ဟု မတ္တရာမြို့ခံက ပြောသည်။