ပဲခူးတိုင်း၊ဖြူးမြို့နယ်၊ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းပေါ်ရှိ ညောင်ပင်သာရဲစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သားနှင့်ရဲ ၃၀ခန့်သေဆုံးကြောင်းသိရသည်။
ယနေ့(ဒီဇင်ဘာ၁၃ရက်)နံနက် ၄ နာရီ ၁၅ မိနစ်ခန့်မှစတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက်၅နာရီကျော်တွင် အင်အား ၆၀ ဝန်းကျင်ရှိ ယင်း ရဲစခန်းကို သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ ကြောင်း Royal Peacock Column-P 29913 က သတင်းထုတ်ပြန်သည်။
“လက်နက်တွေသိမ်းဆည်းရမိတယ်။လက်နက်ငယ်မျိုးစု ၁၃ လက်နဲ့ တခြားခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရမိပါတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်-၂ စစ်ဒေသ၊ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦး ကပြောသည်။
ယင်းစခန်းသိမ်းတိုက်ပွဲဖြစ်ပွားဖြစ်နေစဥ်အတွင်း ကညွတ်ကွင်းအခြေစိုက် ခမရ-၄၃၉ တပ်ရင်းနှင့် ဖြူးအခြေစိုက်တပ်တို့က လက်နက်ကြီးပစ်ကူပေးခြင်းနှင့် လေကြောင်းပစ်ကူပေးခြင်းတို့ပြုလုပ်ခဲ့ကြောင်း၊တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ရဲဘော် ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“ညောင်ပင်သာရဲစခန်းတိုက်ခိုက်မှုမှာ ရဲနဲ့စစ်သားတွေက စခန်းစွန့်သွားတာ။ရန်သူသေဆုံးမှုကတော့ အင်အားရဲ့ တစ်ဝက်ပေါ့။၃၀သေတယ်။ကျန်တဲ့စစ်သားတွေက စခန်းစွန့်ပြီး ဖြူးစစ်တပ်ကိုသွားပေါင်းတာ။ဖြူးစစ်တပ်ကလည်း လက်နက်ကြီးပစ်ကူပေးတာမျိုးလည်းရှိတယ်။အခုချိန်ထိလည်း ညောင်ပင်သာဘက်ကို လက်နက်ကြီးနဲ့ရော လေကြောင်းရော ပစ်နေသေးတယ်။အရပ်သားနေအိမ်ပေါ်တွေကျည်ကျလို့ အရပ်သားသေဆုံးမှုတွေရှိတယ်။အတိအကျတော့ မသိရသေးဘူး”ဟု Royal Peacock Column မှ တာဝန်ရှိသူ တစ်ဦးကနေ့ခင်း၁၂နာရီခွဲခန့်တွင်ပြောသည်။
ယင်းရဲစခန်းမှ RPG ထိပ်ဖူး၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉ (မမ)ကျည် ၈၀၊၆၀ (မမ)ဗုံးသီး ၂၇ ခု၊ G2 ၁လက်၊ G3 2 လက်၊ ပြောင်းချော ၄လက်၊ BA 94 ၂ ခု၊ MA-13 ၁လက်၊ Tear Gas Gun ၂ခု၊ လက်ပစ်ဗုံး ၆ လုံး၊ G3 ကျည် ၂၃၁ တောင့်၊ 5.56 ကျည် ၁၄၃ တောင့်၊ လက်ထိပ် ၄ ခု၊ လက်တော့ပ် ၁လုံး၊ မျက်ရည်ယိုဗုံး ၄၆ လုံး၊ အသံဗုံး ၁လုံး ၊ ကျည်ကာ ၂ခု၊ ဦးထုပ် ၅လုံး၊ G3 ကျည်ဘောက် ၆ခုနှင့် ၉လုံးကျည် ၂၀၁ တောင့်တို့ သိမ်းဆည်းရရှိခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကို KNLA၊ရိုးမ(၁)အာဠာဝကစစ်ကြောင်း၊ရိုးမ(၅)တော်ဝင်ဒေါင်းစစ်ကြောင်းနှင့် BPLA (ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်)တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားနှင့်ရဲတို့ သေဆုံးမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။