By MPA
အမျိုးသားရေး ဆရာတော် ဦးဝီရသူသည် လက်မောင်းအကြောကပ်သော ရောဂါဖြင့် မဂ်လာဒုံ စစ်တပ် ကုတင် ၁၀၀၀ ဆေးရုံတွင် တက်ရောက် ဆေးကုသနေကြောင်း စစ်ဆေးတပ်အသိုင်းအဝိုင်းနှင့် နေပြည်တော်ရှိ အကျဉ်းဦးစီး အသိုင်းအဝိုင်းတို့မှ သိရသည်။
“ဦးဝီရသူက ၅လပိုင်းထဲက အပြင်ဆေးရုံကိုရောက်နေတာ။ ကိုဗစ်တော့မဟုတ်ဘူး။ လက်မောင်းအကြောကပ်တဲ့ ရောဂါနဲ့။ ရန်ကုန်က စစ်တပ်ကုတင် ၁၀၀၀ ဆေးရုံမှာတက်နေတယ်” ဟု စစ်ဆေးဆရာဝန် တစ်ဦးက ပြောသည်။
အဆိုပါ အချက်ကို နေပြည်တော်ရှိ အကျဉ်းဦးစီးဌာနမှ အရာရှိတဦးကလည်း ထပ်မံ အတည်ပြုသည်။
“ ဟုတ်ပါတယ်။ သူ အင်းစိန်ထောင်ထဲ မရှိပါဘူး။ ထောင်အပြင်က စစ်တပ်ဆေးရုံမှာ တက်နေတာ ကြာပါပြီ” ဟု နေပြည်တော် အကျဉ်းဦးစီးဌာန အရာရှိတဦးက ဆိုသည်။
ဦးဝီရသူသည် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းမှု မပြုမီ ၂၀၁၉ ခုနှစ်ကတည်းက ဖမ်းဝရမ်း အထုတ်ခံထားရပြီး ၂၀၂၀ နိုဝင်ဘာ ၂ ရက်တွင် လာရောက် အဖမ်းခံကာ အနောက်ပိုင်း ခရိုင် တရားရုံးတွင် ပုဒ် ၁၂၄–က ဖြင့်တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။
လက်မောင်းအကြောကပ်ရောဂါဖြင့် စစ်ဆေးရုံတွင် တက်ရောက်ခံယူနေရသည်ဟူသော ဦးဝီရသူမှာ အင်းစိန်ထောင်တွင်း၌ မရှိသည်မှာ၂ လကျော်ကြာမြင့်နေပြီဖြစ်သည်။ စစ်တပ်မှ အာဏာသိမ်းပြီးချိန် မှယနေ့အထိ အကျဉ်းသားများကို အကြိမ်ကြိမ် လွှတ်ပေးခဲ့သော်လည်း ဦးဝီရသူပါဝင်ခဲ့ခြင်း မရှိပေ။
“ကျနော်တို့သိသလောက်ဆိုရင် ဆရာတော်က မလွတ်သေးဘူးဗျ။ အာဏာသိမ်းပြီး ရုံးချိန်းတကြိမ်ပဲ ထုတ်ရသေးတယ်” ဟု အမျိုးသားရေး လှုပ်ရှားသူ တဦးက ပြောသည်။
ဦးဝီရသူ၏ မွေးနေ့တွင် အမျိုးသားရေး လှုပ်ရှားသူများက စုပေါင်းပြီး မဂ်လာဒုံ ကုတင် ၁၀၀၀ စစ်ဆေးရုံတွင် သွေးလှူဒါန်းမှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။
ဦးဝီရသူသည် ဗုဒ္ဓဘာသာဝင် ဆရာတော်တပါးဖြစ်ပြီး ဘာသာအချင်းချင်း အမုန်းပွားနိုင်သည့်တရားများကို ပေါ်ပေါ်ထင်ထင် ဟောကြားလေ့ရှိပြီး အာဏာသိမ်းပြီး လက်ရှိအချိန်တွင် သတင်းအစအနပျောက်နေသော စစ်တပ်အမာခံထောက်ခံသူတစ်ဦး ဖြစ်သည်။
သို့ရာတွင် ဘူးလတ် အပတ်စဉ်ထုတ် ဂျာနယ်တွင် သက်န်းဖြူ ဆရာတော် ကလောင်ဖြင့် အမျိုးသားရေးနှင့် အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များကို ထောက်ခံသည့် ဆောင်းပါးများ ဆက်လက်ရေးသားနေလျှက်ရှိသည်။